ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း၏ EIA စစ်တမ်းကိုု ယုံကြည်မှု မရှိဟုဆို

ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း၏ EIA စစ်တမ်းကိုု ယုံကြည်မှု မရှိဟုဆို
by -
မဇ္စျိမ

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့တွင် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဆန်းစစ် လုပ်ဆောင်ထားသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA) သည် သမာသမတ်ကျသည်ဟု ယုံကြည်မှုမရှိကြောင်း ဒေသခံများက ပြောကြားသည်။

“၀န်ထမ်းနှစ်ယောက်သုံးယောက်လောက်လာပြီး ငါးဖမ်းနေတဲ့ လူတွေကို ငါးဘယ်လောက်ရသလဲဆိုတာ လောက်မေးပြီး လုပ်သွားတာ”ဟု ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်မည့် သောင်ခုံကျေးရွာ ဒေသခံဦးဌေးလှိုင်က ပြောသည်။

ယင်းစီမံကိန်းသည် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ္ဂါ၀ပ် ၃,၂၇၀ ထုတ်ယူမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းများအနက် အများဆုံးထုတ်လုပ်မည့် စီမံကိန်းဖြစ်သည်။

အဆိုပါစီမံကိန်းကို အေးရှားဝေါကုမ္ပဏီ၏ လက်ခွဲဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ရန် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်များကို လုပ်ဆောင်ရန် မြန်မာအတိုင်ပင်ခံ အင်ဂျင်နီယာကုမ္ပဏီလီမိတက် (MEC) က တာဝန်ယူ၍ ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်ကို လေးလအကြာဆောင်ရွက်ခဲ့ရာတွင် လေ၊ ရေအရည်အသွေး၊ မြစ်ရေစီးနှုန်း၊ နုန်းအနည်အနှစ်ပမာဏ၊ ဆူညံမှု၊ တုန်ခါမှု၊ ဒေသ မျိုးရင်းသစ်ပင်ပန်းပင်နှင့် တိရိစ္ဆာန်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် တောတောင်ရေမြေ အနေအထားနှင့် ဒေသတွင်း လူမှုရေး၊ စီးပွား ရေး၊ ဘာသာရေး၊ မွေးဖွားမှု၊ သေဆုံးမှုစသည့်များကို နိုင်ငံတကာစမ်းသပ်စစ်ဆေးမှုနည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့သည်ဟု မြန်မာအတိုင်ပင်ခံအင်ဂျင်နီယာကုမ္ပဏီလီမိတက် အကြံပေး ဦးမိုးအောင်က ပြောသည်။

“ကျွန်တော်တို့က ကြားခံအဖွဲ့ပါ။ ကုမ္ပဏီကသူတို့ပြောတဲ့ သန့်စင်နည်းပညာကျောက်မီးသွေး ထုတ်လုပ်မှု အတိုင်းလုပ်မယ်ဆိုရင် သက်ရောက်မှုနည်းတယ်လို့ ပြောထားတာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တွင် လေအရည်အသွေး ဆိုးကျိုးသက်ရောက်မှု အနည်းငယ်သာရှိပြီး စက်ရုံအတွင်းမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းအနံ့အသက်၊ ဆူညံမှုတို့မှာလည်း သတ်မှတ် စံနှုန်းအတွင်းသာရှိမည်ဟု ယင်းဆန်းစစ်ချက်တွင် ဖော်ပြထားသည်။

“သူတို့လုပ်တာ ယုံကြည်မှုမရှိဘူး။ ကုမ္ပဏီဘက်ကို လိုက်ပြီး သူတို့လိုချင်တာ ဆွဲပြောထားတယ်။ အဲဒီအစီရင်ခံစာကိုလည်း ဒေသခံတွေကိုချပြပြီး အကြံဉာဏ်ယူတာ၊ သုံးသပ်ချက် ထည့်သွင်းစဉ်းစားတာ မရှိဘူး” ဟု ကွမ်းခြံကုန်းကွန်ရက်မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က ပြောသည်။

ကောင်းမြတ်သောမြေကုမ္ပဏီက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ပြာမှုန့်များကို ဘေးထွက်ပစ္စည်းများအဖြစ် ပြန်လည်အသုံးပြုခြင်း၊ နိုက်ထရိုဂျင် အောက်ဆိုဒ်ဓာတ်ငွေ့ လျှော့ချခြင်းပြုလုပ်ရာ တွင် အမိုးနီးယားပမာဏအနည်းငယ်ကိုသာ အသုံးပြုမည်ဟု အထွေထွေမန်နေဂျာ ဦးမြင့်ဦးက ပြောသည်။

Most read this week