နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးခဲ့သည်ဟု “၀”၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများက မဇ္ဈိမကို သြဂုတ်လ ၂၄ ရက်တွင် ပြောသည်။
“ကျွန်တော်တို့ ပြည်နယ်တောင်းတဲ့အကြောင်း မဆွေးနွေးခဲ့ပါဘူး။ အခုအချိန်က ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတိုင်းပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒီအချိန်မှာက ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး မပြောသေးပါဘူး”ဟု “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ခွန်ထွန်းလူက ပြောသည်။
နိုင်ငံတော်သမ္မတနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဥက္ကဋ္ဌများ တွေ့ဆုံအပြီး ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့်လည်း ထပ်မံတွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုများအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသအတွင်း လုပ်ဆောင်ရန် လိုအပ်နေသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုသာ ဆွေးနွေးခဲ့သည်ဟု စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးနော်ရိုဆန်ဂျူးက ပြောသည်။
“ကျွန်တော်တို့ သမ္မတနဲ့တွေ့တာက ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ၀န်ကြီးတွေလည်း ပါပါတယ်။ အဓိကတော့ ကိုယ့်ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးတာပါ။ နိုင်ငံရေးအရ ဆွေးနွေးတာတွေ မရှိသလို ဖွဲ့စည်းပုံပြင်တာကိုလည်း မဆွေးနွေးပါဘူး”ဟု ၎င်းက ဆိုသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသခြောက်ခုမှ ဦးစီးများ၊ ဥက္ကဋ္ဌများနှင့် နိုင်ငံတော်သမ္မတက သြဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေး၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဒေသဖွံ့ဖြိုးရေး ကိစ္စများသာ ဆွေးနွေးခဲ့သည်ဟု ခေါင်းဆောင်အချို့က ပြောသည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ခြောက်ခုဖြစ်သည့် “၀” ၊ နာဂ၊ ပအိုဝ်း၊ ဓနု၊ ကိုးကန့်၊ ပလောင်တို့မှ ဥက္ကဋ္ဌများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။