Biမွန်းတည့်နေအမှု သြဂုတ်လ ၂၈ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးက ဆက်လက် ကြားနာမည်ဖြစ်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။
သြဂုတ်လ ၂၁ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ရဲသတင်းအထူးတပ်ဖွဲ့မှ တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်မှ တရားလိုပြသက်သေ ၃၇ ဦး တင်သွင်းထားသည်ဟု ၎င်းက ဆိုသည်။
"ဒီနေ့ အလိုပြသက်သေက နှစ်ဦးပါ။ ရဲမှူး နှစ်ယောက်ပေါ့။ သူတို့ တင်ပြတာတော့ သက်သေခံ စာရွက်တွေပေါ့” ဟု ရှေ့နေဦးကျော်ဝင်းက ပြောသည်။
သတင်းသမားများအား အာမခံယူရန် ကိစ္စနှင့် ပတ်သက်၍ အမှုသည်များဘက်မှ ညွှန်ကြားချက် တစ်စုံတရာ မရှိဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။
ကိုမင်းဝဿန်၏ ဖခင်ဖြစ်သူဦးခင်အာင်က “ အာမခံကိစ္စနဲ့ပတ်သက်ပြီး မသိပါဘူး။ အန်ကယ်ကတော့ ရမယ်ဆိုရင် လိုချင်တာပေါ့။ အခုပေးရင် အခုခေါ်သွားချင်တာပေါ့။”ဟုပြောသည်။
ပန်းဘဲတန်းမြို့နယ် တရားရုံးက သြဂုတ်လ ၄ ရက်တွင် Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုရဲမင်းအောင်ကို တရားရှင်လွတ်ခဲ့ပြီး ဂျာနယ်မှ ကျန်ငါးဦးကို အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြံုရေး နှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှု အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ၅(ဃ)/ (ည)မှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ -၅ဝ၅(ခ)/ ၃၄ ပုဒ်မ ဖြင့် ပြောင်းလဲစွဲဆိုခဲ့သည်။
ဇူလိုင်လ ရ ရက်ထုတ် Bi မွန်းတည့်နေ အပတ်စဉ် ဂျာနယ် အတွဲ(၁) အမှတ်(၂၉)တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF(ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု)က ထုတ်ပြန်’’ခေါင်းစဉ်ဖြင့် သတင်းရေးသား ဖော်ပြခဲ့သောကြောင့် အမှတ်(၂) သတင်းတပ်ဖွဲ့ခွဲ ဒု-ရဲမှူး သိန်းထွန်းက တရားလိုပြု၍ အမှုဖွင့်တိုင်ကြားခဲ့သည်။