တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် ကျန်ရှိနေသည့် အချက်များမှာ အစိုးရနှင့် တပ်မတော်အကြား ညှိနှိုင်းရန်သာ ကျန်ရှိနေခြင်းဖြစ်သည်ဟု တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCTမှ ဗိုလ်မှူးကြီးခွန်ဥက္ကာက သြဂုတ် ၂၀ ရက်တွင် ပြောသည်။
အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရာတွင် ပါ၀င်ဆွေးနွေးမည့် အစုအဖွဲ့နေရာ၌ NCCT မှ သုံးပွင့်ဆိုင် (အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ) နှင့် အစိုးရဘက်မှ ငါးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ) ဟူ၍ သဘောထားကွဲပြားနေခြင်း ဖြစ်သည်။
ထိုကွဲပြားမှုမှာ အပစ်ရပ်မူကြမ်း အချောသတ်ရန် ကျန်ရှိနေသည့် အချက်အချို့မှ တစ်ချက်ဖြစ်သည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တိုင်းရင်းသားတွေဘက်က မပြေလည်တာ မရှိတော့ဘူး။ လိုင်ဇာကတည်းက အကုန်ညှိပြီးသား။ အခုက အစိုးရနဲ့ တပ်မတော်အကြား ဘယ်လောက်ဖြေလျှော့မလဲ၊ ဘယ်လောက်နား လည်မလဲ ဆိုတာပဲ ကျန်တယ်” ဟု ပြောသည်။
NCCT သည် သုံးပွင့်ဆိုင်နေရာတွင် နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟု စကားလုံးသုံးနှုန်းကာ ထိုထဲတွင် လက်ရှိ အစိုးရအဖွဲ့၊ တပ်မတော်နှင့် လွှတ်တော်ဟု ထည့်သွင်းထားသည်။ ထိုအချက်နှင့်ပတ်သက်၍ တပ်မတော်ဘက်က သီးခြားအစုအနေဖြင့် ပါ၀င်လိုခြင်းဖြစ်သဖြင့် အစိုးရနှင့် တပ်မတော်အကြား ညှိနှိုင်းရမည့်ကိစ္စရပ်သာဖြစ်သည်ဟု ခွန်ဥက္ကာက ပြောသည်။
အစိုးရနှင့် တပ်မတော်က ယင်းအစုအဖွဲ့ သတ်မှတ်ရေးအချက်နှင့် ပတ်သက်၍ အလျှော့မပေးလိုသည့် ပုံရှိပြီး၊ တပ်မတော်ကမူ သီးသန့်ရပ်တည်လိုသည့် အနေအထားကို ဖော်ပြပြောဆိုနေသည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက သြဂုတ် ၁၇ ရက်တွင် မဇိ်္စျမကို ပြောဆိုထားသည်။
ကျန်ရှိသည့်အချက်များမှာ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များမချမီ ကြားကာလတွင် တပ်နေရာချထားရေး ကိစ္စများ၊ ပြန်လည် မပစ်ခတ်စေရန် စည်းကမ်းချမှတ်ခြင်းများနှင့် စောင့်ကြည့် ကော်မတီဖွဲ့ စည်းခြင်း ကိစ္စရပ်များ၊ အပစ်ရပ်ရေး သဘောတူညီမှုတွင် မည်သူတို့ပါ၀င်မည်ကို သတ်မှတ်ရေးနှင့် အပစ်ရပ်ပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါ၀င်မည့် အစုအဖွဲ့ သတ်မှတ်ရေးတို့ဖြစ်သည်။
အပစ်ရပ်မူကြမ်းမှာ အချောသတ်နိုင်ရန် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက်များကို စက်တင်ဘာတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။