ကလေးလုပ်သား လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်အရ ၁၃ နှစ်အောက် ကလေးလုပ်သားစာရင်းကို အောက်တိုဘာလမှစ၍ သုံးလစီမံချက်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မဇ္ဈိမကို ပြောသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အဓမ္မစေခိုင်းမှု လုံးဝပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ၏ အရွယ်မရောက်သေးသူများ အဆိုးရွားဆုံး အဓမ္မစေခိုင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ အတိုင်း ကလေးလုပ်သားစာရင်း တိတိကျကျရရန် စီမံချက်ဖြင့် ကောက်ယူမည်ဖြစ်သည်။
ဦးဝင်းရှိန်က “ရလဒ်အပေါ်မူတည်ပြီး ကလေးလုပ်သားနဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့်စီမံချက်တွေ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနတို့ ပူးပေါင်းကာ ကလေးလုပ်သားပပျောက်ရေး အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကောက်ယူမည်ဖြစ်သည်။
ILO ပြဋ္ဌာန်းချက်အရ အသက် ၁၃ နှစ်ပြည့်ပြီးသူများသာ ဆရာဝန်၏ ဆေးစာထောက်ခံချက်ဖြင့် တစ်နေ့လျှင် လေးနာရီသာ အလုပ်လုပ်ရန်ဖြစ်ပြီး ၁၃ နှစ်ကျော်ပါက ကလေးလုပ်သားစာရင်းဝင်မည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စက်ရုံအလုပ်ရုံများတွင် သတ်မှတ်ချိန်ထက် ကျော်လွန် အလုပ်လုပ်နေကြရသည့် ကလေးငယ်လုပ်သားခိုင်းစေမှု အချက်အလက်များကို ကောက်ယူမည်ဟု ဦးဝင်းရှိန်က ဆိုသည်။
ပြီးစီးပါက ကလေးငယ်များအား အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထိုက်သင့်သော လုပ်အားခမပေးခြင်း၊ အစားအသောက် အနေအထိုင်၊ အိပ်ချိန်၊ အလုပ်ပိတ်ချိန်အပေါ် ခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခဖြတ်တောက် ခြင်း၊ ကလေးလုပ်သားအား အခြားအလုပ်ရှင်ထံ လွှဲပြောင်း ရောင်းချခြင်းတို့ကို အခြေအနေပေါ်မူတည်၍ အလုပ်ရှင်အား အရေးယူခြင်းမျိုး စဉ်းစားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် စီမံကိန်းမန်နေဂျာ ဒေါက်တာအာကာစိုးနောင်က “ကလေးလုပ်သားဖြစ်ရတာ မိသားစုစားဝတ်နေရေးကြောင့် ဖြစ်ကြရတယ်။ ပပျောက်အောင် လုပ်တာထက် သူတို့ကို ဘယ်လိုထောက်ပံ့မလဲဆိုတဲ့ စီမံကိန်းချမှတ်နိုင်ဖို့လည်း လိုပါတယ်”ဟု ပြောသည်။
ကလေးလုပ်သားများမှာ ကျောင်းပြင်ပရောက်ရှိနေပြီး ပညာသင်ကြားကြရမည့် ကလေးငယ်များ လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နေခြင်းသည် ဥပဒေအားနည်းချက် သို့မဟုတ် ဥပဒေလိုက်နာမှုမရှိခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့က အရေးယူမှု အားနည်းခြင်းများကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကလေးလုပ်သားစာရင်း ကောက်ယူနိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ILO တို့ ၂၀၁၃ ခုနှစ်၊ နို၀င်ဘာ ၁၄ ရက်တွင် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့သည်။ စာချွန်လွှာအရ ကလေးအလုပ်သမားများ စာရင်းစစ်တမ်း၊ အလုပ်ဌာနများ၏ စစ်တမ်းအလုပ်အခကြေးငွေဆိုင်ရာ စစ်တမ်း၊ ကျောင်းပြီးလုပ်ငန်းခွင်ဆိုင်ရာ ၀င်ရောက်မှုများ ဆန်းစစ်ခြင်းစစ်တမ်းဖြစ်သည့် School-to-work Transition Surveys ကောက်ယူခြင်းလုပ်ငန်းစဉ်များ ပါ၀င်သည်။
ကလေးလုပ်သား လုံးဝပပျောက်ရေးကို သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် လေးနှစ်စီမံချက်ဖြစ်သော (၂၀၁၅ မှ ၂၀၁၈ ခုနှစ် အထိ) အကောင်အထည်ဖော်နေခြင်းဖြစ်သည်။