အနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲ နေသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကျင့်သုံးနိုင်ဖွယ်မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က သြဂုတ် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ပီအာရ်စနစ်သုံးမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းရမယ်။ ပြီးရင် ကော်မရှင်ကနေ နည်းဥပဒေတွေ ပြန်ဆွဲရမယ်၊ ညွှန်ကြားချက်တွေ ထုတ်ရမယ်။ နိုင်ငံရေးပါတီတွေ ပြည်သူတွေကို အသိပေးရဦးမယ်။ ၁၆ လအတွင်းမှာ ဒါတွေ ပြတ်အောင်လုပ်ဖို့ မလွယ်ဘူး။ အချိန်ထပ်ယူရဦးမယ်”ဟု ၎င်းက ဆိုသည်။
အမျိုးသားလွှတ်တော် ပီအာရ်စနစ် အကောင်အထည်ဖော်ရေးကော်မရှင်က သြဂုတ် ၁၉ ရက်မှစကာ ဥပဒေကြမ်းရေး ဆွဲမှုလုပ်ငန်းများစတင်မည်ဟု အဖွဲ့ဝင်အချို့က မဇ္ဈိမကို ပြောထားသည်။
လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်အလိုက် မဲအများဆုံးတစ်ဦးတည်း အနိုင်ရစနစ်မှ ပါတီအလိုက် စုစုပေါင်းရရှိသည့် မဲအရေအတွက်အလိုက် ရာခိုင်နှုန်းဖြင့် အချိုးကျ အမတ်ဖြစ်ခွင့်ရမည့် ပီအာရ် စနစ်ကို ပြောင်းလဲကျင့်သုံးရန် အမျိုးသား လွှတ်တော်က ဇွန်လအတွင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကိုယ်စားလှယ် ၃၆ ဦးပါ ပီအာရ်စနစ် အကောင်အထည်ဖော်ရေး ကော်မရှင်ကိုဖွဲ့စည်းကာ ကျင့်သုံးမည့်စနစ် ရွေးချယ်ခြင်း၊ ဥပဒေကြမ်းရေးဆွဲခြင်းတို့ကို စက်တင်ဘာတွင် ပြန်လည်ကျင်းပမည့် အမျိုးသားလွှတ်တော်မတိုင်မီ အပြီးသတ်ရန် ညွှန်ကြားထားသည်။
ကော်မရှင်၏ လုပ်ငန်းအသေးစိတ်ကို ထုတ်ဖော်ပြောဆိုခွင့် ရရှိမထားသည့် အဖွဲ့ဝင်အချို့က ပါတီအသီးသီး၏ အမတ်လောင်းများကို မဲဆန္ဒရှင်တို့ သိခွင့်ရှိသည့် စနစ်ကို ရွေးချယ်ထားသည်ဟု ပြောသည်။ နိုင်ငံတကာတွင် Open List ဟု ခေါ်ဆို သည့် ပါတီအလိုက် အမတ်လောင်းများကို တန်းစီဇယားဖြင့် အများပြည်သူထံ ထုတ်ပြန်စေသည့် စနစ်ကို ညွှန်းဆိုခြင်းဖြစ်သည်။
ယင်းစနစ်အရ မဲရာခိုင်နှုန်း အချိုးအတိုင်း ရရှိလာသည့် ကိုယ်စားပြုခွင့်ဦးရေကို တန်းစီဇယားမှ အစဉ်လိုက် ထုတ်နုတ်ကာ ယင်း၌အကျုံးဝင်သူတို့ အမတ်ဖြစ်ခွင့်ရမည်ဖြစ်သည်။ အဆိုပါစနစ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခြောက်ခုမှလွဲ၍ တိုင်း၊ ပြည်နယ်အားလုံးတွင် ကျင့်သုံးရန် ဆုံးဖြတ်ထားသည်ဟု ပီအာရ်စနစ် အကောင်အထည်ဖော်ရေးကော်မရှင် အဖွဲ့ဝင်တချို့က ပြောသည်။
ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုး သားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က“အဆိုရှင် တင်သွင်းက တည်းက ပီအာရ်ကို ပြည်နယ်တိုင်း ဘယ်မှာ သုံးမယ်ဆိုတာ မပါခဲ့ဘူး။ ကော်မရှင်က ဆုံးဖြတ်တာ မဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မကျင့်သုံးဘူးဆိုတာကလည်း ဖွဲ့စည်းပုံဥပဒေမှာ ဖော်ပြထားပြီးသား”ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကမူ မြန်မာနိုင်ငံတွင် ယင်းစနစ်ကျင့် သုံးခြင်းသည် ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်ဟု ပြောသည်။
“ရခိုုင်ပြည်နယ်မှာဆို စိန်ခေါ်မှုတွေ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်။ ဘင်္ဂါလီလူမျိုးတွေကို white card ကိုင်ဆောင်ခွင့်ပေးထားပြီး မဲပေးခွင့်ပြုထားတယ်။ ပြည်နယ်လွှတ်တော်မှာ ဘင်္ဂါလီလွှတ်တော် ကိုယ်စားလှယ်တွေ သုံးပုံတစ်ပုံပေါ်လာမယ်။ ဒီကနေ့ အမျိုးသားလွှတ်တော်အထိ တက်လာမယ်။ တိုင်းပြည်အတွက် စိန်ခေါ်မှုတွေ ရှိလာမယ်”ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီတို့က ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရန် အချိန်မတန်သေးဟူသော ကြေညာချက်များ၊ ထုတ်ဖော်ပြောဆိုမှုများ လုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကော်မရှင် အဖွဲ့ဝင်ရှစ်ဦးလည်း နုတ်ထွက်ထားကြသည်။
“၂၀၁၃ ခုနှစ်တုန်းက ပြောတယ်။ ဒီစနစ်ကို မကျင့်သုံးသေးဘူးလို့ ပြောထားတယ်။ အခု ၂၀၁၄ ဇွန်လမှာ မြန်မြန်ဆန်ဆန်ကြီး လုပ်တာ ရည်ရွယ်ချက်တစ်ခုတော့ ရှိရမယ်လို့ မြင်တယ်။ ဒီအချိန်မှာ ညစ်တာတွေ လုပ်ဖို့ မသင့်တော့ဘူး။ ရိုးသားမှု ရှိဖို့လိုမယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ၊ အမျိုးသားလွှတ်တော်အမတ်ဦးရေ ၁၆၈ ဦး သတ်မှတ်ထားသည်။ စနစ်ပြောင်းလဲ ကျင့်သုံးပါက အမတ်ဦးရေအပြောင်းအလဲ ရှိ၊ မရှိ ဆိုသည်ကိုမူ အတည်မပြုနိုင်သေးပေ။