ကချင်ပြည်နယ် ကားမိုင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှု စတင်

ကချင်ပြည်နယ် ကားမိုင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှု စတင်
by -
မဇ္စျိမ

ကချင်ပြည်နယ် ကားမိုင်းမြို့နယ်ခွဲတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကို ခရစ်ယာန် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ စုပေါင်း ကော်မတီဖွဲ့စည်း၍ သြဂုတ်လ ၁၈ ရက်တွင် စတင်လိုက်ပါပြီဖြစ်သည်။

'မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ဘုရားသခင်ထံမှ ပေးသော ခွန်အားဖြင့် တိုက်ဖျက်သွားရန်'၊ 'ပြည်သူလူထုအားလုံး ပါဝင် တိုက်ဖျက်ကြရန်'၊ '၂ဝ၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါး ပပျောက်ရန်'ဟူသော အချက် ၃ ချက် ရေးသားထားသော ဆိုင်းဘုတ်ထောင်၍ စတင်လိုက်ခြင်း ဖြစ်သည်ဟု နှစ်ခြင်းခရိယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာဆိုင်းအောင်က မဇ္စျိမကို ပြောသည်။

18aug121

“ဒီမနက် ကားမိုင်းမနောကွင်းမှာ ယဉ်ကျေးမှုကော်မတီ၊ တိုက်ဖျက်ရေးကော်မတီတွေ၊ ရပ်ကွက်လူကြီးတွေ လူ တစ်ရာကျော်နဲ့ ဆိုင်းဘုတ်တင်လိုက်တယ်။ ဒီညနေ ၄ နာရီကနေ ဆက်ပြီးတော့ ကားမိုင်းကနေ ဖားကန့် နမ်ဒိန်ထိ ဘာသာအသင်းအားလုံးမှာ ဆိုင်းဘုတ်တင် လှုပ်ရှားမှု စတင်လိုက်တယ်”ဟု ကော်မတီတွင် ပိုစတာ လှုပ်ရှားမှုကို ဦးဆောင်နေသူ ၎င်းက ပြောသည်။

ကားမိုင်းမြို့ မနော်ကွင်းတွင် သြဂုတ် ၁၈ ရက် နံနက် ၈ နာရီတွင် ဘာသာရေးဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ပြည်သူလူထုနှင့် တက်ရောက်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုကို စတင်သော အခမ်းအနား ကျင်းပခဲ့သည်ဟု နှစ်ခြင်းခရိယာန် အသင်းတော်မှ သိက္ခာတော်ရ ဆရာဆိုင်းအောင်က မဇ္စျိမကို ပြောသည်။ အစိုးရဘက်မှ ကားမိုင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ခွန်ရန်ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်ပြီး ၃၆ ဦးပါ ကားမိုင်း ဂေါင်ရီ ကော်မတီနှင့် ၃၅ ဦးပါ ကထန်ယန် ကပ်မှော်ကော်မတီ ဟူ၍ ကော်မတီနှစ်ခု ဖွဲ့စည်းထားသည်။

ကော်မတီများ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲများကို စတင်လုပ်ဆောင်သွားမည်။ ယင်းနောက်တွင် ဘိန်းဖြတ်လိုသူများအတွက် ဘိန်းဖြတ်ပေးရေးနှင့် ဘိန်းစိုက်ပျိုးသူများကို ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရေး အစီအစဉ်များလည်း လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဆရာဆိုင်းအောင်က ဆိုသည်။

“ကော်မတီကို ရပ်ကွက်၊ ကျေးရွာထိ ကော်မတီကို ကျစ်ကျစ်လစ်လစ်ဖွဲ့ပြီးပြီ။ အခုတော့ ပိုစတာ ကိမ်ပိန်း လုပ်မယ်။ ပညာပေးဟောပြောမှုတွေ လုပ်သွားမယ်။ ဖြစ်နိုင်ရင် အိမ်တိုင်းကို သွားပြီး ဟောပြောသွားမယ်။ အဲဒီနောက် ဘိန်းဖြတ်လိုတဲ့ သူတွေကို စာရင်းယူပြီး မြစ်ကြီးနားမှာ ဘိန်းဖြတ်ပေးနေတဲ့ဘာသာရေးအဖွဲ့ အစည်းတွေ ဆက်ပြီး ပို့လိုက်ဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ကားမိုင်းမြို့နယ်အတွင်း လူငယ်များ၊ အိမ်ထောင်သည်အမျိုးသားများ အများစုမှာ ဘိန်းမဲ၊ ဘိန်းဖြူနှင့် ရာမ ဆေးပြားများကို သုံးစွဲနေမှု အများအပြားရှိနေသည်ဟု ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အစိုးရ၏ ရဲတပ်ဖွဲ့၊ ကားမိုင်း ဗျူဟာမှူး၊ ကားမိုင်းဌာနဆိုင်ရာများသို့ အကြောင်းကြား၍ တင်ပြခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ ဘာသာရေးဂိုင်းပေါင်းစုမှ ခေါင်းဆောင်များ ဦးဆောင်၍ ဇွန်ဆန်းပိုင်းမှ စတင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့ရာ မြစ်ကြီးနားမြို့နယ် မန်ခရိန်၊ ရွှေစက်၊ တပ်ကုန်းနှင့် နမ်ကွယ် စသည့် ဒေသများအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ထိရောက်မှု၊ အောင်မြင်မှုများရှိနေပြီဟု သိရပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းများလည်း ဖွင့်လှစ်ထားသည်ဟု သိရသည်။

ကားမိုင်းမြို့နယ်အတွင်သို့ မိုးကောင်းမြို့ အခြေစိုက်ထားသော ကမ္ဘာ့ဆရာဝန်များအဖွဲ့ (MDM)က သောကြာနေ့တိုင်း တစ်ခါသုံး ဆေးထိုးအပ်များ ဖြန့်ဝေပေးပြီး ဆေးထိုးအပ် အဟောင်းများကို ပြန်လည် ယူဆောင်သွားသည်ဟု ဆိုသည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလက ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ ကချင်ဒေသ အတွင်း မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ရန် Steering Committee ကို ဖွဲ့စည်း ခဲ့ပြီး ဧပြီလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လက ၂၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာရေးအသင်းအဖွဲ့များ ဦးဆောင်၍ ဟောပြောပွဲများ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် တစ်ကမ္ဘာလုံး ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံဖြစ်သလို တစ်နိုင်ငံလုံး၏ ဘိန်းစိုက်ပျိုးမှု ၉ဝ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ရှိသည်ဟု UNODC ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။ ယင်းအပြင် မြန်မာနိုင်ငံ အနေဖြင့် ဘိန်းစိုက်ပျိုးမှု သာမက စိတ်ကြွဆေးပြဿနာပါ ရင်ဆိုင်နေရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ််မှူးချုပ် ကျော်ကျော်ထွန်းက ဇွန်လ ၁၆ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဇွန်လ ၂၆ ရက်တွင် ကျရောက်သော ၂၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတု ဆေးရည်များ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများတွင် မူးယစ်ဆေးဝါးတန်ဖိုးမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ (၁၃ဝ ဒသမ ၅) သန်းကျော် (မြန်မာငွေ ကျပ်သန်းပေါင်း ၁၂၅,၄၂ဝ ကျော်) မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း အစိုးရ စာရင်းဇယားများတွင် ဖော်ပြထားသည်။

Most read this week