ကျောင်းသားတိုင်းအတွက် ပညာသင်ထောက်ပံ့ကြေး လာမည့်နှစ်တွင် စမည်

ကျောင်းသားတိုင်းအတွက် ပညာသင်ထောက်ပံ့ကြေး လာမည့်နှစ်တွင် စမည်
by -
မဇ္စျိမ

မြို့နယ်ပေါင်း ၄၀ က အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ပညာသင်ထောက်ပံ့ကြေးကို လာမည့် ပညာသင်နှစ်မှ စတင်ကာ သုံးနှစ်စီမံကိန်းအဖြစ် ပေးအပ်တော့မည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါထောက်ပံ့ကြေးအတွက် ကမ္ဘာ့ဘဏ် လေးနှစ်စီမံကိန်း ပထမအသုတ် ပညာရေးအသုံးစရိတ်အဖြစ် အကူအညီပေးအပ်ထားသည့် အမေရိကန်ဒေါ်လာ ၂၅ သန်းမှ နှစ်သန်းကို သုံးစွဲမည်ဖြစ်သည်။

ထိုဒေါ်လာနှစ်သန်းတွင် ပညာရေးထောက်ပံ့ကြေးပေးအပ်ခြင်းအပြင် မြို့နယ်များရှိ ဆရာ၊ ဆရာမများ၏ အရည်အသွေးဆိုင်ရာ မြှင့်တင်မှုသင်တန်းများအတွက်ပါ ထောက်ပံ့မှုများပါ၀င်မည်ဟု ဆိုသည်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် ပထမနှစ်စီမံကိန်းအဖြစ် မြို့နယ် ရှစ်ခုကိုလည်းကောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ဒုတိယနှစ်စီမံကိန်းအဖြစ် မြို့နယ် ၁၂ ခုကို လည်းကောင်း၊၂၀၁၇-၁၈ ပညာသင်နှစ်တွင် တတိယနှစ် စီမံကိန်းအဖြစ် မြို့နယ် ၂၀ ကိုလည်းကောင်း အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်စရိတ်ပေးအပ်သွားမည်ဖြစ်သည်။

ဦးကိုလေးဝင်းက “ပညာသင်ထောက်ပံ့စရိတ်က တကယ်လိုအပ်နေတဲ့ မြို့နယ် ဦးစားပေးတာ ဖြစ်ပါတယ်။ ပေးမယ့်နှုန်းထားကိုတော့ ကျောင်းသားတစ်ဦးကို တစ်လအတွက် အနည်းဆုံး ၈,၀၀၀ ကနေ အများဆုံး ၁၅,၀၀၀ အထိ ပေးမှာဖြစ်ပါတယ်”ဟု ပြောသည်။

ပထမနှစ်စီမံကိန်းအတွက် လပွတ္တာမြို့၊ ဘိုကလေးမြို့၊ ကျောင်းကုန်းမြို့၊ မဟာအောင်မြေမြို့နယ်၊ စဥ့်ကိုင်မြို့၊ ကလောမြို့၊ တောင်ကြီးနှင့် ဆိတ်ကြီးခနောင်တိုမြိုတို့ကို ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်သွားမည်ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးကို ပညာသင်နှစ် နှစ်စမှစတင်ကာ ပထမရစ်အဖြစ် သုံးလပေးအပ်မည်ဖြစ်ပြီး ကျန်ရှိသည့် ထောက်ပံ့ကြေးကိုမူ ပညာသင်လအလိုက် ပေးအပ်သွားမည်ဖြစ်သည်။ ပညာသင် ထောက်ပံ့ကြေးကို သက်ဆိုင်ရာပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်များဖြင့် ထုတ်ယူခွင့်ရှိမည်ဖြစ်သည်။ ထို့ပြင် ကျောင်းအုပ်များကလည်း ထုတ်ယူပေးခွင့်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်း ၁၀၀ ကို လေးနှစ် စီမံကိန်းအဖြစ် ပေးအပ်ထားပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းထောက်ပံ့စရိတ်များနှင့် ဆရာ၊ ဆရာများ၏ အရည်အသွေးဆိုင်ရာ သင်တန်းများတွင် အသုံးပြုရန် ထောက်ပံ့ပေးခြင်းဖြစ်သည်။

Most read this week