ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် ရခိုင်ပြည်နယ် မြို့သုံးမြို့နှင့် ရန်ကုန်တွင်ပြုလုပ်

ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် ရခိုင်ပြည်နယ် မြို့သုံးမြို့နှင့် ရန်ကုန်တွင်ပြုလုပ်
by -
မဇ္စျိမ

ဆန်ပြဿနာဖြစ်ပွားမှုကြောင့် အစိုးရ နှင့် ပြည်သူ ပဋိပက္ခမှ လူသုံးရာကျော် သေဆုံးခဲ့သည့် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနား တစ်ရပ်ကို သြဂုတ် ၁၃ ရက်က ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဆန်ရေစပါး ရှားပါးမှုပြဿနာဖြစ်ပွားခဲ့ပြီး လူထုက အစိုးရကို ဆန်ပြဿနာဖြေရှင်းပေးရန်၊ ဆန်များထုတ်ပေးရန် တောင်းဆိုရာက လူပေါင်း ရာနှင့်ချီ၍ သေနတ်ပစ်ခံရကာ သေဆုံးခဲ့သောနေ့ကို ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်သည်။

“အဲဒီကတုန်းက အာဏာရှင်ရဲ့ လုပ်ရပ်နဲ့ ရက်စက်မှုကို လူငယ်တွေသိအောင် ပြီးတော့ အစိုးရ အဆက်ဆက် သင်ခန်းစာယူနိုင်အောင် လုပ်တာပါ”ဟု ရခိုင်အမျိုးသားပါတီ ALP မှ ဦးအေးသာအောင် က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နှင့် သံတွဲ မြို့အပြင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ဓညဝတီ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဆန်ပြဿနာလို အဖြစ်ဆိုး မဟုတ်ပေမယ့် ရခိုင်မှာ ဖြစ်တဲ့ ပဋိပက္ခတွေမှာ ဗဟို အုပ်ချုပ်ရေးစနစ် အာဏာရှင် စနစ် ရှိတုန်းပါပဲ ၊ပြည်နယ် အစိုးရ ပြည်ထောင်စု အစိုးရက ပြည်သူဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသင့် ပါတယ်” ဟု စစ်တွေမြို့ခံ ဦးမြင့်စိုးက ပြောသည်။

၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်က ပြည်ပသို့ ဆန်တင်ပို့သော စစ်တွေမြို့နယ် အတွင်းရှိ  အစိုးရ ဆန်ဂိုထောင်မှ ပြည်သူများက ဆန်များ ဝင်ယူခြင်း၊ ဆန်ပြတ်လပ်မှု ပြဿနာကို အစိုးရ ဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်ခြင်းများ ကြောင့် အစိုးရက ပစ်ခတ်နှိမ်နှင်းခဲ့ရာ ပြည်သူသုံးရာကျော် သေဆုံးခဲ့ခြင်း ဖြစ်သည်။

Most read this week