မြန်မာ့ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ စတုတ္ထဇနီး ၉၆ နှစ်အရွယ်တွင် ကွယ်လွန်

မြန်မာ့ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ စတုတ္ထဇနီး ၉၆ နှစ်အရွယ်တွင် ကွယ်လွန်
by -
မဇ္စျိမ

မြို့နယ်ပညာရေးမှူး(ငြိမ်း)ဒေါ်မြဝင်းသည် အသက် (၉၆)နှစ်အရွယ်တွင် သြဂုတ် ၁၀ ရက် မွန်းလွဲနာရီခွဲခန့်က တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု သမီးဖြစ်သူ ဒေါ်စဝ်ဟေမာသိုက်က မဇ္ဈိမကို အတည်ပြုသည်။

“သူဟာ သမ္မတဇနီးဖြစ်ပေမယ့် သူ့အလုပ်နဲ့သူ ရှမ်းပြည်အတွက် အများကြီးလုပ်ပေးခဲ့ပါတယ်”ဟု သမီးဖြစ်သူ အသက် ၆၉ နှစ်အရွယ် ဒေါ်စဝ်ဟေမာသိုက်က ပြောသည်။

ဒေါ်မြဝင်းသည် ဇနီးငါးယောက်ရှိသည့် သမ္မတစပ်ရွှေသိုက်၏ သက်ရှိထင်ရှား နောက်ဆုံးကျန်ရစ်သည့် ဇနီးသည် (စတုတ္ထမြောက်ဇနီး)အဖြစ် မှတ်တမ်းဝင်သူဖြစ်သည်။

ဒေါ်မြဝင်း၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရ၊ သတ္တုနှင့် သစ်တောရေးရာဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ၎င်း၏ ရှမ်းတိုင်းရင်းသားများ  ဒီမိုကရက်တစ်ပါတီမှတစ်ဆင့် အလှူငွေထည့်သွင်းရန် အကြောင်းကြား ထားသည်ဟု ဒေါ်စဝ်ဟေမာသိုက်က ပြောသည်။

ဒေါ်မြဝင်း၏ စျာပနသို့ ပညာရေးဌာနအသိုင်းအဝန်းမှ ပုဂ်္ဂိုလ်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး အသိုင်း အဝန်းမှ ပုဂ်္ဂိုလ်များ လာရောက်လျက်ရှိပြီး သြဂုတ် ၁၂ရက်၊ နေ့လယ် မွန်းလွဲ ၁ နာရီအချိန်တွင် ၎င်းနေအိမ်မှတစ်ဆင့် တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ရန် စီစဉ်ထားသည်။

သမ္မတစဝ်ရွှေသိုက်သည် ၁၈၉၆ တွင် မွေးဖွားပြီး ၁၉၆၂ခုနှစ်၊ အသက် ၆၆နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူသည် မြန်မာ့လွတ်လပ်ရေးနေ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ရက်မှ ၁၉၅၂ ခုနှစ်၊ မတ် ၁၆ရက်အထိ သမ္မတတာဝန် စတင် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ညောင်ရွှေစော်ဘွားတစ်ဦးဖြစ်သူ စဝ်ရွှေသိုက်သည် လွတ်လပ်ရေးခေတ် ဗမာ့တပ်မတော်တွင် စစ်မှုထမ်း ဆောင်ခဲ့သူဖြစ်ပြီး ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၅၂ခုနှစ် လူမျိုးစုလွှတ်တော်နာယကစသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စဝ်ရွှေသိုက်သည် ၁၉၅၉ ခုနှစ်၊ ဧပြီ ၂၉ရက်တွင် ညောင်ရွှေစော်ဘွားအာဏာကို စွန့်လွှတ်ခဲ့သည်။ ၁၉၆၂ခုနှစ်၊ ဗိုလ်ချုပ်ကြီး နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက် ၁၉၆၂၊ နိုဝင်ဘာ၂၁ ရက်တွင် ထိန်းသိမ်းခံခဲ့ရပြီး အကျဉ်းသားဘဝဖြင့်ပင် ကွယ်လွန်ခဲ့ရသည်။

သမ္မတစဝ်ရွှေသိုက်နှင့် ဇနီးဖြစ်သူ ဒေါ်မြဝင်းတို့တွင် သမီးဖြစ်သူ ဒေါ်စဝ်ဟေမာသိုက် (ရှမ်းပြည်နယ်အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ)၊ ဒေါ်စဝ်သန်းကြည်တို့နှင့်အတူ မြေး သုံးယောက်၊ မြစ် သုံးယောက်တို့ ကျန်ရစ်ခဲ့သည်။

Most read this week