၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် NLD တို့ ကြိုတင်ညှိနှိုင်း ယှဉ်ပြိုင်ဖွယ်ရှိ

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် NLD တို့ ကြိုတင်ညှိနှိုင်း ယှဉ်ပြိုင်ဖွယ်ရှိ
by -
မဇ္စျိမ

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် တိုင်းရင်းသားပါတီများလိုချင်နေသည့် တိုင်းရင်းသားဒေသရှိ မဲဆန္ဒနယ်မြေအချို့တွင် အင်အားကောင်းသည့် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် ရှိသည်ဟု NLD ပါတီမှ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ဦးထွန်းထွန်းဟိန်က “ကျွန်တော်တို့ပါတီအနေနဲ့ တိုင်းရင်းသားတွေနဲ့ အမြဲတမ်း ဆွေးနွေးညှိနှိုင်းနေပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေကလည်း “ကြားဖြတ်ရွေးကောက်ပွဲ အတွက်ကတော့ လွတ်လပ်နယ်မြေအားလုံးမှာ ၀င်ပြိုင်ဖို့အတွက် စာထုတ်ပြီးသွားပြီ။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်သည် အရှည်မြင်တတ်တဲ့သူ ဖြစ်တာကြောင့်တိုင်းပြည် ရေရှည်အကျိုးရှိမယ်ဆိုရင် သူဆောင်ရွက်မှာလို့ ကျွန်တော်တော့ ယုံကြည်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်က တိုင်းရင်းသားဒေသများတွင် မြေပြင်စစ်တမ်းတစ်ခုကောက်ယူ ပြီး ထိုဧရိယာတွင် NLD အပြတ်အသတ်နိုင်ခြေမရှိပါက တိုင်းရင်းသားပါတီများကို အထောက်အပံ့ပြုပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးကို ဒေါက်တာအေးမောင်က “ပွင့်ပွင့်လင်းလင်းပြောရရင် အင်အားမပြုန်းတီးအောင်လို့ ပြောတာပါ။ မဟာမိတ်ကောင်းကောင်းဖွဲ့နိုင်ရင် ပိုကောင်းတာပေါ့။ ရန်ငါစည်းအရ ကိုယ်မနိုင်တဲ့ရန်ကို မဟာမိတ်ကောင်းကောင်းဖွဲ့ပြီး တိုက်နိုင်ရင်အား ရှိတာပေါ့။ သူလည်းတိုက်၊ ကိုယ်လည်း တိုက်ဆိုရင် လက်ရှိမှာအား မရှိဘူးဖြစ်မှာပေါ့”ဟု ပြောကြားခဲ့သည်။

၎င်းတို့၏ ဆန္ဒကို NLD ပါတီကို ပြောကြားခဲ့ပြီးဖြစ်သည်ဟုလည်း ပြောကြားသည်။ ရခိုင်အမျိုးသားပါတီမှာ ပထမခေါင်းဆောင် ဦးအေးသာအောင်ကတော့ ၎င်းတစ်ဦးတည်းအမြင်အရ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ပြောကြားသည်။

ဒီမိုကရေစီနိုင်ငံများနှင့် ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် မဟာမိတ်ပါတီများ ညှိနှိုင်းဆောင်ရွက်ခြင်းများရှိ သော်လည်း ၎င်းက လွတ်လွတ်လပ်လပ်မဲဆွယ်စည်းရုံးခွင့်နှင့် ရွေးချယ်ပိုင်ခွင့်ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

၎င်းတို့ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ညှိနှိုင်းခဲ့ခြင်းမရှိသကဲ့သို့ ယခုလည်း ညှိနှိုင်းခြင်းမရှိ ကြောင်း ပြောကြားသည်။

တိုင်းရင်းသားပါတီအချို့က လာမည့်ရွေးကောက်ပွဲများတွင် NLD ပါတီနှင့် မဟာမိတ်ဖွဲ့ကာ ညှိနှိုင်းဆောင်ရွက် လိုကြောင်း ပြောကြားထားပြီးဖြစ်သည်။

NLD သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေး ကောက်ပွဲတို့တွင် မဲဆန္ဒနယ်အားလုံးနီးပါးတွင် အပြတ်အသတ် အနိုင်ရသည်အထိ အောင်မြင်ထားသည်။

Most read this week