ရခိုင်ခေါင်းဆောင်များ မလေးရှားတွင် သေနတ်ပစ်ခံရမှု ခြောက်လကြာအထိ အဖြေမပေါ်သေး

ရခိုင်ခေါင်းဆောင်များ မလေးရှားတွင် သေနတ်ပစ်ခံရမှု ခြောက်လကြာအထိ အဖြေမပေါ်သေး
by -
မဇ္စျိမ

မလေးရှားတွင် ရခိုင်ခေါင်းဆောင်များ သေနတ်ဖြင့် ပစ်ခံရမှု ခြောက်လခန့်ကြာမြင့်သော်လည်း လုပ်ကြံသည့် တရားခံကို မဖော်ထုတ်နိုင်သေးသည့်အပြင် တိကျသည့် အကြောင်းပြန်မှုပင် မရှိဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ နိုင်ငံတကာ ဌာနခွဲမှရဲမှူးကြီး အောင်ဌေးမြင့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ မလေးကို စာပို့တာ ၁၀ ကြိမ်မက ရှိတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း တွဲပို့တယ်။ ဘယ်လို တိတိကျကျ အကြောင်းပြန်မှုမလာဘူး၊ ဖမ်းထားတယ်ဆိုတဲ့ သံသယရှိသူတွေ ဘယ်သူဆိုတာတောင် မသိရပါဘူး”ဟု ၎င်းက ပြောသည်။

ရခိုင်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ အပါအဝင် ခြောက်ဦးတို့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဖေဖော်ဝါရီလ ၆ ရက် ည ၁၁ နာရီ ၂၅ မိနစ်က တည်းခိုသည့် ဟိုတယ်သို့ အပြန် သေနတ်သမားများ၏ ပစ်ခတ်မှုကြံုတွေ့ရခြင်းဖြစ်သည်။

မြန်မာဘက်က ဘရူနိုင်းနိုင်ငံတွင် ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်က ပြုလုပ်သည့် အာဆီယံ အဆင့်မြင့်အရာ ရှိကြီးများ နိုင်ငံဖြတ်ကျော် မှုခင်းဆိုင်ရာ အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ မလေးရှား တာဝန်ရှိသူကို မေးမြန်းသော်လည်း တိကျသည့် အဖြေပင်မရဟု ရဲမှူးကြီး အောင်ဌေးမြင့်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည့် အရှေ့တောင်အာရှ ပါလီမန်များအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရန် မလေးရှားလွှတ်တော်ကို အကြောင်းကြားထားသော်လည်း ယခုအထိ အကြောင်းပြန်မှု မရှိသေးဟု အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာ ကော်မတီဥက္ကဋ္ဌ ဦးညွန့်တင်က ဇူလိုင် ၃၀ တွင် မဇ္ဈိမကို ပြောသည်။

“အမှုက လုံးဝဘာမှကို မသိရပါဘူး။ ဗီဇာပေးလို့ သွားခဲ့တယ်။ အဲဒီအတွက် မလေးရှားမှာ အပြည့်အဝတာဝန် ရှိတယ်။ အမှုကို ပြီးဆုံးအောင် အကောင်အထည်မဖော်နိုင်ရင်တော့ သူတို့ နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်မှာပါ။ ဒါပေမဲ့ အခုကြားနေရတာက မလေးက အဲဒီအမှုကို အရေးတယူ မလုပ်ဘူး”ဟု ကိုယ်တွေ့ကြုံရသူ ဦးအေးသာအောင်က ပြောသည်။

သေနတ်ဖြင့် စုစုပေါင်း ငါးချက်အပစ်ခံရခြင်းဖြစ်ပြီး ကားတွင်း ပါရှိသူ ရခိုင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးမျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။

Most read this week