နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် ပုဒ်မ ၄၀၉/၁၀၉၊ ပုဒ်မ ၁၂၄(က) တို့ဖြင့် တရားရင်ဆိုင်နေရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား နေ့လည်ထမင်းစားချိန်သာ အနားယူပြီး နံနက် ၉ နာရီ၊ မိနစ် ၅ဝ ခန့်မှ ညနေ ၃နာရီခွဲခန့်အထိ ခြောက်နာရီခန့် စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးပြီးချိန်တွင် သာသနာရေးဝန်ကြီးဟောင်းက ကျန်းမာရေးအခြေအနေ ပိုမိုခံစားလာရခြင်းကြောင့် ဆေး(ကျန်းမာရေး) အာမခံ လျှောက်ထားကြောင်း သိရသည်။
ဦးဆန်းဆင့်နှင့် ဆွေမျိုးတော်စပ်သူ ဦးအောင်ဌေးက “သူ(ဦးဆန်းဆင့်)က အရင်ကတည်းက နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနဲ့ မျက်စိရောဂါ ကုနေရတာလေ၊ အထူးကုဆရာဝန်တွေနဲ့ ကုပေးပါမယ်၊ လောလောဆယ်တော့ အာမခံလေးတော့ ခဏသည်းခံပါတဲ့” ဟု မီဒီယာများသို့ ပြောသည်။
မိသားစုဆွေမျိုးများနှင့် ထပ်မံတွေဆုံခွင့်ပေးခဲ့သော်လည်း မီဒီယာများကိုမူ တရားရုံးဝင်းအတွင်း ဝင်ခွင့်ရရန် ကင်မရာ၊ အသံဖမ်းစက်၊ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြုခဲ့သည့်အပြင် တရားခွင်မှထွက်လာသော ဦးဆန်းဆင့်အား မီဒီယာသမားတို့ မေးမြန်းမှုမပြုမီ လိုက်ပါစောင့်ရှောက်သော တာဝန်ရှိပုဂ္ဂိုလ်များက “ဘာမှပြောစရာမရှိဘူး” ဟု နှစ်ဦး၊ သုံးဦးခန့်က ဝိုင်းဝန်း ပြောဆိုခဲ့သေးသည်။
သို့ရာတွင် ဦးဆန်းဆင့်က အစောင့်အရှောက်များကြားမှ မိသားစုများအား “နေကောင်းအောင်နေကြ” ဟု စကားတစ်ခွန်းသာပြောကြားခဲ့သည်။
ပုဗ္ပသီရိမြို့နယ် တရားရုံး၌ ဒုတိယအကြိမ်ရုံးထုတ်စဉ်ကမူ “သမ္မတ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ် တာဖြစ်ပါတယ်၊ မတရားမှုပြုတာပါ” ဟု မီဒီယာများသို့ ပြောသည်။
ထို့အပြင် ဦးအောင်ဌေးက “ ကောင်းကောင်းမွန်မွန်ပါပဲ၊ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်သွားမယ်၊ တရားသူကြီးတွေဘာတွေ အားလုံးကူညီကြပါတယ်၊ နောက်ရုံးချိန်းကတော့ သြဂုတ်လ ၆ ရက်နေ့မှာပါ” ဟု မဇ္စျိမကို ပြောသည်။
ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ရက်က ဖမ်းဆီးခဲ့သည်။
၎င်းကို ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချနိုင်သည့် အကြည်အညို ပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ပါ ဇူလိုင်လ ၂ဝ ရက်က ထပ်တိုးခဲ့သည်။