လယ်သမားများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လယ်ယာသုံးစက်များ ရောင်းပေးရန် အတည်ပြု

လယ်သမားများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လယ်ယာသုံးစက်များ ရောင်းပေးရန် အတည်ပြု
by -
မဇ္စျိမ

တောင်သူလယ်သမားများကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာများကို နှစ်ရှည် အရစ်ကျပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေးနိုင်ရန် သဘောတူညီချကများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးလိုက်သည်။

“ပြန်လည်ရောင်းချရာတွင် လက်ရှိကျင့်သုံးနေတဲ့ ကြိုက်ရောင်း ကြိုက်ဝယ်မူကို အခြေခံပါမယ်။ ရောင်းချပြီးနောက် စက်ပစ္စည်းအမျိုးအစားအလိုက် အာမခံကာလသတ်မှတ်ပြီး ၀န်ဆောင်မှုပေးပါမယ်”ဟု သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကျော်ဆန်းက လွှတ်တော်တွင် ရှင်းပြသည်။

cultivate

လွှတ်တော်က အတည်ပြုလိုက်ပြီး ဖြစ်သည့်အတွက် ကိုရီးယားနိုင်ငံ Daedong Industry Co.,Ltd  မှ ထုတ်လုပ်သည့် စက်ကိရိယာများကို အရစ်ကျပေးသွင်းရာတွင် ဆိုင်းငံ့တစ်နှစ်ဖြစ်ပြီး ငါးနှစ် အရစ်ကျပေးရမည်ဖြစ်သည်။ စက်ကိရိယာများကို ထုတ်လုပ်ပြီး အရည်အသွေးများ စစ်ဆေးရန်အတွက် အချို့လေးလကြာယူပြီး ဆောင်ရွက်ပေးမည်ဟု သဘောတူညီချက် ရရှိထားသည်။

ကိုရီးယားကုမ္ပဏီနှင့် သမဝါယမဝန်ကြီးဌာနသည် စက်ကိရိယာများ အရစ်ကျဝယ်ယူရာတွင် အတိုးနှုန်း နှစ်ရာခိုင်နှုန်း ပေးရမည်ဖြစ်ပြီး ဆိုင်းငံ့တစ်နှစ်ပြည့်သည့် တစ်ပြိုင်နက် အရင်း ၁၅ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်သည်။ နောက်ခြောက်လကြာသည့်အချိန်တွင် အရင်း ၈ ဒသမ ၅ ရာခိုင်နှုန်း ထပ်မံပေးသွင်းရမည်ဖြစ်ပြီး အတိုးနှုန်းများကို ၁၀ ကြိမ် ပေးသွင်းရမည်ဟု သဘောတူညီမှုရရှိထားသည်။

“သမဝန်ကြီးဌာနက Daedong  ကုမ္ပဏီထံသို့ စက်ကိရိယာတန်ဖိုးများ ပြန်လည်ပေးဆပ်နိုင်အောင် စာချုပ်ပါ သတ်မှတ်ချက်နဲ့အညီ ၀ယ်ယူသူများက ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်ကာလများကို စနစ်တကျ တွက်ချက်သတ်မှတ်ပါမယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ၀ယ်ယူခွင့်ရရှိသည့် တောင်သူလယ်သမားများနှင့် မြန်မာအင်ဂျင်နီယာများကို သင်တန်းပေးပို့ချခြင်းလုပ်ငန်းများကို ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထို့အပြင် စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းပေးသည့် Service Center များနှင့် စက်အပိုပစ္စည်းများထောက်ပ့ံသည့် Center တည်ထောင်ပြီး ၀န်ဆောင်မှုများပေးကာ နည်းပညာများလည်း သင်ကြာပေးမည်ဖြစ်သည်။

လယ်ယာသုံးစက်ကိရိယာများ ရောင်းချပေးရာတွင် သမဝါယမအသင်းသားများကို ၀ုိင်းကြီးချုပ်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးကို ပြန်လည်ပေးဆပ်စေရန် ကျန်အဖွဲ့များက ကြပ်မတ်ထိန်း ကျောင်းပြီး လုပ်ဆောင်ပေးရမည်ဟု ဆိုသည်။

“လယ်ယာသုံးလုပ်ငန်းများ ရေလုပ်ငန်း သုံးပစ္စည်းများ အရစ်ကျငွေချေစနစ်နဲ့ ၀ယ်ယူခွင့်ရတဲ့အတွက် တစ်ခါတည်း ငွေချေစနစ်နဲ့ မဝယ်နိုင်တဲ့ အခြေခံပြည်သူများအဖို့ များစွာ အဆင်ပြေပြီး လုပ်ငန်းများကို ပိုမိုထိရောက် တွင်ကျယ်စေလျက်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

စက်ကိရိယာများကို ရောင်းချရာတွင် သမဝါယမဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုး ရေးဝန်ကြီးဌာနမှ ကျွမ်းကျင် ပညာရှင်များ ပါ၀င်သည့်အဖွဲ့ ဖွဲ့စည်းကာ လက်ရှိ ပြည် တွင်း၌ ရောင်းချသည့် ထိုင်းနိုင်ငံထုတ် (ဂျပန်နည်းပညာ)၊ အိန္ဒိယနိုင်ငံထုတ်၊ ကိုရီးယားနိုင်ငံထုတ် အခြားကုမ္ပဏီ)နှင့် တရုတ်နိုင်ငံထုတ် စက်ပစ္စည်းများ၏ ရောင်းစျေးနှုန်း ယှဉ်နိုင်သည့် ပစ္စည်းများကိုသာ ၀ယ်ယူရောင်းချပေးမည်ဟု ဆိုသည်။

အရစ်ကျငွေချေစနစ်နှင့် စက်ကိရိယာရောင်းချပေးမှုသည် အရေအတွက် တစ်သောင်းခြောက်ထောင် ကျော်ကိုသာ ရောင်းချပေးနိုင်ပြီး ကျေးရွာပေါင်း နှစ်ထောင်ကျော် မိသားစုပေါင်း တစ်သောင်းကျော်ကိုသာ လွှမ်းခြံုနိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် ကျေးရွာပေါင်း လေးသောင်းလောက်နှင့် မိသားစုပေါင်း ရှစ်သန်းခန့်ကို လွှမ်းခြံုနိုင်ရန်အတွက် လိုအပ်လျက်ရှိသည်။ ယင်းအတွက်ကြောင့် ပိုမိုထိရောက်စွာ အထောက်အကူပြုနိုင်အောင် ချေးငွေ ပမာဏကိုလည်း ၎င်းတို့၏ လုပ်ငန်းအလိုက် တိုးမြှင့်ပေးရမည်ဖြစ်သည်။

Most read this week