မီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အစိုးရအနေဖြင့် ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းကာ ဟန့်တားရန် တရားရေးစနစ်ကို အသုံးပြုနေခြင်းကို မြန်မာနိုင်ငံသို့ ၁ဝရက်ကြာ လာရောက်လေ့လာခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ဇူလိုင်လ ၂၈ရက်က ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာရုံးက ထုတ်ပြန်ချက်တွင် ထောက်ပြ ပြောဆိုလိုက်သည်။
“အဲဒီလို ပုံစံတွေဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း နဲ့ မီဒီယာတွေရဲ့ လုပ်ငန်းတွေကို အားနည်းသွားစေရုံသာ မက၊ ကြောက်ရွံ့ကြမယ့် အခြေအနေ တစ်ရပ်ကို ဖြစ်ပေါ်စေပြီး ယေဘုယျအားဖြင့် လူမှုအသိုင်းအဝိုင်းကိုလည်း ခြိမ်းခြောက်နေပါတယ်" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ဆိုခဲ့သည်။
မီဒီယာနှင့် လူမှုအဖွဲ့အစည်းအပေါ် အစိုးရ၏ ကိုင်တွယ်မှုသည် ဒီမိုကရေစီ အခွင့်အရေး လျော့ပါးနေကြောင်း ကုလအထူးကိုယ်စားလှယ်၏ ရှုမြင်မှုကို သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက လက်မခံနိုင်ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် တုံ့ပြန်လိုက်သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ဥပဒေရေးရေးရာနှင့် ပတ်သက်၍ ခေတ်နှင့် မလျော်ညီသည့် ဥပဒေများ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် မညီဟု ယူဆရသည့် ဥပဒေများကို ပြန်လည်သုံးသပ်ကာ ပြုပြင်ပြောင်းလဲ သင့်သည်ဟု မစ္စယန်ဟီးလီက တိုက်တွန်းခဲ့သည်။
အမျိုးဘာသာ ကာကွယ်ရေးအတွက် ဥပဒေပြုမည့် အစီအဏ်ကိုလည်း စွန့်လွှတ်ရန် သူမက တိုက်တွန်း လိုက်သေးသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်း အများအပြားကိုလည်း သွားရောက်ခဲ့သည့် ကုလအထူးကိုယ်စားလှယ်က လူမှုအသိုင်းအဝိုင်းအားလုံးမှ ဒုက္ခသည်များ ခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်ကို သူမကိုယ်တိုင် ကိုယ်တွေ့သိမြင်ခဲ့ရ သည်ဟု ဆိုသည်။
“ဝမ်းနည်းကြေကွဲစရာ ခံစားမှုတွေနဲ့ ရခိုင်ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းရဲ့ သတိမူမိစရာ ခွဲခြားဆက်ဆံမှုတွေကို ကျွန်မ နားလည်ပါတယ်။ ပြီးတော့ အသိုင်းအဝိုင်းတွေအကြား အကြမ်းဖက်မှုတွေ ဖြစ်လာစေခဲ့တဲ့ အခြေခံအကြောင်းရင်းတွေကို ဖော်ထုတ် ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ သူတို့ရဲ့ စိုးရိမ်သောကတွေကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ကျွန်မ တကယ်ကို ယုံကြည်ပါတယ်။”ဟု မစ္စ Lee က ဆိုသည်။
ယင်းမှတ်ချက်များနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက "ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ ယခင်အထူးအစီရင်ခံစာ တင်သွင်းသူတွေ လက်ထက်မှာ လျစ်လျူရှုခြင်း ခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မစ္စ ယန်ဟီလီက နားလည် အသိ အမှတ်ပြုခဲ့တာကို တွေ့ရှိရတဲ့အတွက်လည်း ကြိုဆိုရမှာ ဖြစ်ပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ နောက်ခံ သမိုင်းကြောင်းတွေကိုပါ ကောင်းစွာ နားလည်သဘောပေါက်အောင် အားထုတ်ခဲ့တဲ့ မစ္စ ယန်ဟီလီရဲ့ ကြိုးပမ်းမှုဟာ အားရကျေနပ်စရာပဲ ဖြစ်ပါတယ်"ဟု ဆိုထားသည်။
မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများနှင့် ပတ်သက်၍လည်း မစ္စယန်ဟီးလီက “မီဒီယာနဲ့ အင်တာနက်ပေါ်မှာ အမုန်းတရားတွေ ဖြန့်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လာအောင် သွေးထိုးကြတာတွေ၊ ခွဲခြားဆက်ဆံကြတာတွေ နဲ့ ရန်လိုကြတာတွေအပေါ် ကျွန်မ စိုးရိမ်မိပါတယ်။ အဲဒါတွေဟာ အကြမ်းဖက်မှုတွေ နောက်ထပ် ထပ်ဖြစ်လာအောင် စနက်မီး ပျိုးပေးနေပါတယ်”ဟု ဆိုလိုက်သည်။
ယင်းကြောင့် အမုန်းတရား ဖြန့်မှုအား ဆန့်ကျင်အရေးယူနိုင်မည့် ဥပဒေပြဌာန်းရေး အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုများ လိုအပ်ကာ၊ ထိုလုပ်ဆောင်မှုများသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ညီညွတ်ရန် လိုအပ်သည်ဟု သူမက ဆိုသည်။
ကချင်ပြည်နယ်အတွင်းက နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့ကြသည် ဆိုသော ကလေးစစ်သား စုဆောင်းခြင်း၊ အဓမ္မခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ နှင့် ပတ်သက်၍လည်း ဦးစားပေး ဖြေရှင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။
ယင်းအပြင် မြန်မာအစိုးရအနေဖြင့် အစိုးရသစ်တက်ပြီး လွန်ခဲ့သည့် ၃နှစ်တာ ကာလက ရရှိခဲ့သည့် တိုးတက်မှု ရလာဒ်များကို ခြိမ်းခြောက်နိုင်သည့် နောက်ကြောင်းပြန် သွားမှုကို ရှောင်ရှားရန်နှင့် ပြည်သူများ လွတ်လပ်မှုကို ပိုမိုပေးရန် အစိုးရကို တိုက်တွန်းထားသည်။
မစ္စ ယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၇ရက်မှ ၂၆ရက်အထိ ၁ဝရက်တာ လာရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတို့ကို သွားရောက်ခဲ့ပြီး ဒုက္ခသည်များ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ နေပြည်တော်၌လည်း အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ရန်ကုန်တွင်လည်း နိုင်ငံရေး ပါတီအချို့နှင့် တွေ့ဆုံခဲ့သေးသည်။
သူမ၏ ၁ဝရက်တာ မြန်မာနိုင်ငံအတွင်း လေ့လာတွေ့ရှိချက်များပါသည့် အစီရင်ခံစာကို အောက်တိုဘာလတွင် ကျင်းပမည့် ၆၉ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြမည်ဖြစ်သည်။