အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့ဝင်များ နေရာရနိုင်ဟု တပ်မတော်သား သတိပေး

အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့ဝင်များ နေရာရနိုင်ဟု တပ်မတော်သား သတိပေး
by -
မဇ္စျိမ

အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်)စနစ်ကို ကျင့်သုံးပါက လက်နက်ကိုင်အဖွဲ့အစည်းများ၊ အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း လွှတ်တော်တွင် နေရာရလာနိုင်သဖြင့် နိုင်ငံလုံခြုံရေးနှင့် အမျိုးသားလုံခြံုရေးတို့ကို ထိပါးလာနိုင်သည်ဟု တပ်မတော်သား အမတ်တစ်ဦးက သတိပေးခဲ့ပြီး သင့်လျော်သည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရန် ပြည်သူ့လွှတ်တော်က ကော်မရှင်ဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်က မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော် အမတ်များနေရာအတွက် သုံးစွဲရေးကို အမတ်စုစုပေါင်း ၃၉ ဦးက ဆွေးနွေးရာတွင် ဇူလိုင်လ ၂၄ ရက်က ၁၀ ဦး၊ ဇူလိုင်လ ၂၈ ရက်က ၁၈ ဦးနှင့် ဇူလိူင် ၂၉ရက်နေ့တွင် ၁၁ ဦး ဆွေးနွေးခဲ့ရာတွင် ပြည်ခိုင်ဖြိုးအမတ် ငါးဦးက ထောက်ခံ၊ အင်န်အယ်လ်ဒီ အမတ် သုံးဦးနှင့် ရခိုင်အမျိုးသားပါတီအမတ် နှစ်ဦးတို့က ကန့်ကွက်ခဲ့ပြီး တပ်မတော်သားအမတ်ကမူ နိုင်ငံနှင့် အမျိုးသားလုံခြုံရေးကို အလေးထားရန် ပြောကြားခဲ့သည်။

တပ်မတော်သားအမတ် ဒု-ဗိုလ်မှူးကြီး ဖေကြိုင်က “ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရာတွင် ပါတီ၏ အကျိုး၊ လူပုဂိ်္ဂုလ်အကျိုးတို့ထက် နိုင်ငံလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကို ထိပါးမှုမရှိအောင် စဉ်းစားရွေးချယ်သင့် ကြောင်း ထင်မြင်ယူဆပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ထို့အပြင် ပြည်ထောင်စုကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ တိုင်းရင်းသားလူမျိုးများ၏ ပျံ့နှံ့တည်ရှိမှု၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု၊ မဲဆန္ဒနယ်များ၏အပိုင်းအခြားနှင့် လူဦးရေအခြေအနေများကို ထည့်သွင်းစဉ်းစား၍ အဖြေရှာသင့်သည်ဟုလည်း ထောက်ပြခဲ့သည်။

ရခိုင်တိုးတက်ရေးပါတီ၊ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက အဆိုရှင် ဦးအောင်ဇင်တင် ပြသကဲ့သို့ မဲအများဆုံးရသူ အနိုင်ရသည့်စနစ်သည် ရွေးကောက်ခံအာဏာရှင်စနစ်ကို ဖြစ်ပေါ်စေသည်ဆို ပါက၂၀၁၀ ရွေးကောက်ပွဲမှာ ယင်းစနစ်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ အစိုးရသည် အာဏာရှင်အစိုးရလား၊ ပြည်ခိုင်ဖြိုးပါတီဝင်အများစု ပါ၀င်သည့် လွှတ်တော်သည် ပြည်သူများ၏အမြင်ကို မထင်ဟပ်နိုင်သည့် လွှတ်တော်ဖြစ်သလော၊ တစ်ဖက်စောင်းနင်း လွှတ်တော်ဆိုသည်လား တွေးတောဆင်ခြင်သင့်ပါသည်ဟု ထောက်ပြခဲ့သည်။

အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ကော်မရှင်က ကိုယ်စားလှယ် များ တင်ပြဆွေးနွေးချက်များအပေါ်တွင် လိုအပ်လာသည့် ဥပဒေကြောင်းရေးရာများနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်းသာ လေးစားလိုက်နာမည်ဟု ပြောကြားခဲ့သည်။ ယင်းနောက် သင့်လျော်သည့် ရွေးကောက်ပွဲစနစ်အတွက် ကော်မရှင်ဖွဲ့ရန် ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

Most read this week