မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များ အောင်မြင်ရန် အထူးလိုလားလျက်ရှိပြီး လိုအပ်ပါက ကူညီရန်အသင့်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီး ယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာအထူးသံတမန်အဖွဲ့မှ မစ္စတာထောင်ယန်း (မြန်မာအမည် ဦးထွန်းရင်)တို့က ဇူလိုင် ၂၈ ရက်တွင် ပြောသည်။
တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာစဉ် ၎င်းတို့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ကတော့ အခုလိုမျိုးဆွေးနွေးပွဲတွေ လုပ်တဲ့အချိန်မှာ လိုအပ်တဲ့အချိန်မှာ နှစ်ဦးနှစ်ဖက်ကနေ တောင်းဆိုလာတာရှိခဲ့မယ်ဆိုရင်တော့ ပညာပေးမှု၊ အထောက်အပံ့ပေးမှုအမျိုးမျိုးလည်း နိုင်ငံအသီးသီးနဲ့ ကုလဘက်ကနေပေးဖို့ အဆင်သင့်ရှိပါတယ်”ဟု မစ္စတာဗီဂျေနမ်ဘီးယားက ပြောဆိုသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCTနှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (UPWC) တို့ ရေးဆွဲထားသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်းကို ပြန်လည်သုံးသပ်နေသည့် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး သုံးရက်မြောက်နေ့ရောက်ရှိလာစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အားလုံးဘယ်လောက်ထိ အခက်အခဲနဲ့ ကျော်ဖြတ်သွားလာလို့ ဒီအခြေအနေရောက်တယ် ဆိုတာလည်း အသိအမှတ်ပြုပါတယ်”ဟုလည်း မစ္စတာနမ်ဗီးယားက ထိပ်သီးအစည်းအဝေးတွင် ပြောသည်။
တည်ငြိမ် အေးချမ်းမှု မရှိသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအရှိန်သည် နောက်ကျ၊ မှေးမှိန်နေသည်ကို မလိုလားသလို “မြန်မာဖွံ့ဖြိုးတိုးတက်လာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်က စီးပွားရေးပေါင်းစပ်မှုတွေအားလုံး လုပ်နိုင်စရာ၊ ကိုင်နိုင်စရာအများကြီးပါ”ဟုလည်း မစ္စတာထောင်ယန်းက ပြောသည်။
“တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က လိုအပ်ချက်ရှိရင် ကျွန်တော်တို့ တတ်နိုင်သလောက် အကူအညီပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ဆိုသည်။