စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ် ပြန်လာနိုင်ရန် ကျေးရွာ အချို့တွင် မိုင်းရှင်းလင်းရေး စတင် လုပ်ဆောင်

စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ် ပြန်လာနိုင်ရန် ကျေးရွာ အချို့တွင် မိုင်းရှင်းလင်းရေး စတင် လုပ်ဆောင်
by -
မဇ္စျိမ

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ် ပြန်လာနိုင်ရန် အတွက် ကျေးရွာ အချို့တွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင် လုပ်ဆောင် တော့မည် ဖြစ်သည်ဟု ကချင်ပြည်နယ် လူမှုရေးရာ ဝန်ကြီး ဒေါ်ဘောက်ဂျာက ဇူလိုင်လ ၂၇ တွင် မဇ္စျိမကို ပြောသည်။

"စစ်ဘေးရှောင် ဒုက္ခသည်တွေ အားလုံးကို နေရာ ပြန်ချထား ပေးမယ် ဆိုရင်တော့ ပြည်ထောင်စု အဆင့် မိုင်းရှင်းလင်းရေး အဖွဲ့တွေ၊ နိုင်ငံတကာ မိုင်းရှင်းတဲ့ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားမှာပါ။ အခုအဆင့် ကတော့ ကချင် ပြည်နယ် အစိုးရ အဖွဲ့အနေနဲ့ လုပ်ဆောင် ပေးတာ ဖြစ်ပါတယ်။ အကုန်လုံး နေရပ် ပြန်နိုင် ဖို့က ငြိမ်းချမ်းရေး အပေါ် မူတည်နေ လို့ပါပဲ။ လက်ရှိ ကချင်ပြည်နယ်မှာ အခြေနေက အေးချမ်းတယ် ပြောလို့ရ ပါတယ်" ဟု ၎င်းက ဆိုသည်။

မိုင်းရှင်းလင်းရေး ပထမ အဆင့် အနေဖြင့် မိုးမောက်မြို့နယ် အတွင်းရှိ စိန်လုံး ကျေးရွာတွင် သြဂုတ်လ ပထမ ပတ်တွင် လုပ်ဆောင် သွားမည်ဟု သိရသည်။ ထိုကျေးရွာမှ စစ်ဘေး တိမ်းရှောင်ရင်း တရုတ်ပြည် နယ်စပ်၊ လွယ်ဂျယ်ရှိ KBC ဒုက္ခသည် စခန်းသို့ ရောက်ရှိ နေကြသော ဒုက္ခသည် ၁၅ဝ ကို နေရပ် ပြန်ပို့ရန် အတွက် နေအိမ်များ ပြန်လည် ဆောက်ပေးရေး လုပ်ငန်းများ ကိုလည်း ကွင်းဆင်း လုပ်ဆောင် သွားမည်ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။ ဆက်လက်ပြီး ယင်းလုပ်ငန်း များကို အခြားရွာများ တွင်လည်း လုပ်ဆောင် သွားမည် ဟုဆိုသည်။

စိန်လုံး ဒေသသည် ကချင် ပြည်နယ်ရှိ နှစ်ခြင်းခရိုင် အသင်းတော် ပထမဆုံး တည်ဆောက်ရာ နေရာ ဖြစ်၍ ဒေသခံ များအား ပြန်လည် နေရာချထား ပေးမည် ဆိုပါက မိုင်းရှင်းလင်းရေး လုပ်ငန်း များကို စနစ်တကျ လုပ်ဆောင်သွား သင့်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာ ကပြောသည်။

"နေရပ်ပြန်ပို့ဖို့ မိုင်းရှင်းတယ်ဆိုရင် ရွာအနီးနားတင် မကပဲ  ဒေသခံတွေရဲ့ ခြံတွေ၊ စိုက်ခင်းတွေ အထိ သေသေချာချာ ရှင်းလင်း ဆောင်ရွက်ပေးဖို့ လိုတယ်။ စစ်ပွဲတွေ ဖြစ်တဲ့ ကာလတွေက ရွာတွေမှာ မိုင်းထောင်တာတွေ ရှိတယ်။ မိုင်းရှင်း ပြီးပြီ ဆိုရင်လည်း အစိုးရက မြေကွက်တွေကို သိမ်းတာတွေ ရှိတယ် မိုင်းရှင်းထားတဲ့ နေရာတွေကို သိမ်းပြီး ပြန်မပေး တာတွေ ဖြစ်လာ နိုင်တယ် ဒါတွေ မဖြစ်လာ ဖို့လည်း အစိုးရ အနေနဲ့ လုပ်ဆောင် ပေးရမယ်" ဟု  ၎င်းကဆိုသည်။

ကချင်ပြည်နယ်ရှိ စစ်ပွဲများကြောင့် မြစ်ကြီးနား- ဗန်းမော် ကားလမ်း တစ်လျှောက်ရှိ ကျေးရွာပေါင်း ၂ဝ ကျော်မှာ နေရပ်သို့ မပြန်နိုင် သေးပဲ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် ခိုလှုံ နေရသည်။  ၎င်းတို့ကို လက်ရှိ အချိန်တွင် နေရပ်သို့ ပြန်ပို့ပေး နိုင်မည် မဟုတ်ပဲ အစိုးရနှင့် ကေအိုင်အေ ငြိမ်းချမ်းရေး ရရှိပြီး၊ ပြည်ထောင်စု အဆင့် အနေဖြင့် မိုင်းရှင်း လင်းရေးနှင့် ပြန်လည် နေရာချထား ပေးရေးကို လုပ်ဆောင် သွားပြီး မှသာ နေရပ် ပြန်ပို့နိုင်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရှိသော နေရာများတွင် မြေမြုပ်မိုင်း အသုံးပြုမှု ရှိနေပြီး မြေမြုပ်မိုင်း အသုံးပြုမှု အများဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေသည်ဟု အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်း တားဆီးရေး အဖွဲ့ (International To Campaign Band & Landmines ) က ၂ဝ၁၃ ခုနှစ် အတွင်းက ထုတ်ပြန် ကြေငြာခဲ့သည်။

Most read this week