ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်၍ တိုင်းရင်းသားအမတ်များ သပိတ်မှောက်သော်လည်း အချိုးကျကိုယ်စား ပြုစနစ် (ပီအာရ်)ကို ဇူလိုင် ၂၄ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သား အမတ်များ၏ ထောက်ခံမှုဖြင့် ဆွေးနွေးရန် အတည်ပြုခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ကျင့်သုံးရန် အဆိုတင်သွင်းသည်ကို ဒဂုံမြောက် ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ထောက်ခံခဲ့သည်။
သို့သော် ကျားဖြူအမတ် ၁၈ ဦး၊ ရခိုင်အမတ် လေးဦး၊ မွန်အမတ် နှစ်ဦး၊ ကရင်အမတ် တစ်ဦးအပါအဝင် တိုင်းရင်းသားအမတ်များက လွှတ်တော်မတက်ဘဲ ကန့်ကွက်ခဲ့ကြသည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော်၌ မတ်တတ်ရပ်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်များ၊ တိုင်းရင်းသားအမတ်များက ကန့်ကွက်ခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီအမတ်များနှင့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးစဉ်က ကန့်ကွက်ခဲ့သည့် တပ်မတော်သားအမတ်များ ထောက်ခံမှုဖြင့် ကန့်ကွက် မဲ ၄၂ မဲ၊ ထောက်ခံမဲ ၂၆၃၊ ပျက်ကွက် ၆၆ မဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က “ဦးဘရှိန်ပြောတဲ့အထဲက အကြောင်းရာ တစ်ခုကို ထောက်ထားပြီး ဆွေးနွေးဖို့ မသင့်ဘူးဆိုတဲ့ဘက်က ရပ်တည်တာပါ”ဟု လွှတ်တော်အပြီးတွင် ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကန့်ကွက်ခဲ့သူ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က တိုင်းရင်းသားလူမျိုးများ၊ တိုင်းရင်းသားပါတီများက လက်ခံရန် ကြောက်ရွံ့နေသည့် ပီအာရ်စနစ်ကို ကျင့်သုံးရန် လွှတ်တော်ဘက်မှ ဆောင်ရွက်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ထိခိုက်နိုင်မည့် အချက်တစ်ချက်အဖြစ် ဆွေးနွေးတင်ပြလိုပါသည်ဟု ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။
အဆိုရှင်၏ ပါတီမှ စမ်းချောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးဝင်းက လွှတ်တော်၏အစဉ်အလာအရ အဆိုကို ထောက်ခံပါက လွှတ်တော်တွင် ဆွေးနွေးရန်သာရှိပြီး ကန့်ကွက်ဆွေးနွေးရန် အခွင့်အရေး မရှိကြောင်း ပြောသည့်အတွက် ဆက်လက် မကန့်ကွက်ရတော့ပေ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပီအာရ်အဆို ဆွေးနွေးရာတွင် မှန်ကန်မျှတရန် ရည်ရွယ်ချက်ဖြင့် ဦးဘရှိန် အားဆွေးနွေးခွင့်ပေးခြင်းဖြစ်ကြောင်း၊ လွှတ်တော်၏ ဥပဒေအတိုင်းသာ ဆောင်ရွက်မည်ဟုဆိုကာ ဦးဘရှိန်၏ ကန့်ကွက်နေဆဲစကားကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “အန်တီတို့က မဆွေးနွေးရဲလို့ မဟုတ်ဘူး၊ ဆွေးနွေးချင်တယ်၊ ပြည်သူကိုလည်း တင်ပြချင်တယ်”ဟု ဖြည့်စွက်ပြောသည်။
အဆိုပါနေ့ လွှတ်တော် မတက်ဘဲ သပိတ်မှောက်ခဲ့သည့် ကျားဖြူပါတီမှ ဦးစိုင်းဘိုးအောင်က မြန်မာနိုင်ငံတွင် ပီအာရ်စနစ် ကျင့်သုံးပါက တိုင်းရင်းသားများ၏ ပုံစံပျက်ယွင်းသွားနိုင်ခြင်း၊ နိုင်ငံ၏အခြေအနေ၊ အချိန်အခါနှင့် မကိုက်ညီသည့်အတွက် ယခုကဲ့သို့ လွှတ်တော်မတက်ဘဲ ကန့်ကွက်ရခြင်းဟု ပြောသည်။
၎င်းက “လွှတ်တော်တက်လည်း လူများစုနဲ့ အနိုင်ကျင့်ပြီး မဲခွဲရင် ရှုံးမှာကြောင့်ပါ”ဟု လွှတ်တော်မတက်သည့် အတွက် ကန့်ကွက်ခွင့် ဆုံးရှုံးရသည်ဟု မထင်မိပါဘူးလားဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ပီအာရ်စနစ်ကို ကျင့်သုံးရန် ဆုံးဖြတ်ပါက တစ်ပတ်အတွင်း ပြည်နယ် ခုနစ်ခုတွင် ဆန္ဒပြမည်ဆိုသည့် ညီနောင် တိုင်းရင်းသားများ ဖယ်ဒရေးရှင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က “ကျန်တဲ့ပုဂ်္ဂိုလ်တွေ အကုန်လုံးက ဒီနေ့လွှတ်တော် မတက်ဘဲနဲ့ မိမိတို့ရဲ့ဆန္ဒကို အသံတိတ် ထုတ်ဖော်ပြီးမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကို သတင်းဖြန့်ဖြူးတဲ့ သဘောပါပဲ။ ဒါကို သဘောပေါက်ကာ ရှေ့ဆက်ပြီး ဘယ်လိုသွားသင့်တယ်ဆိုတာ လွှတ်တော် နှစ်ရပ်က ခေါင်းဆောင်တွေ စဉ်းစားကြဖို့ပေါ့”ဟု ဆို သည်။
အဆိုရှင် ဦးအောင်ဇင်ကမူ “ကျွန်တော်ကတော့ အဲဒီလို မယူဆပါဘူး။ တိုင်းရင်းသားဆိုတာ အများကြီးရှိတာပဲ၊ ဒါက သူတို့ရဲ့ လွတ်လပ်ခွင့်ပဲလေ၊ ကျွန်တော်ဖြစ်စေချင်တာက ပြဿနာအဝဝကို လွှတ်တော်မှာပဲ ဆွေးနွေးစေချင်တယ်”ဟု ဆိုသော်လည်း တိုင်းရင်းသားများ သပိတ်မှောက်သည့်အပေါ် အမြင်ကို မေးမြန်းရာ ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရသည့်စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက၂၀၁၂ ခုနှစ်လယ်က စတင်ကြေညာခဲ့ကာ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ ၂၀၁၃ ခုနှစ်၊ ဧပြီလက တင်ပြခဲ့သည်။
အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ် ကျင့်သုံးရန်လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှပင် အမတ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့ပြီး တပ်မတော်သား အမတ်များ၊ အင်န်အယ်လ်ဒီအမတ်များ၊ တိုင်းရင်းသား အမတ်များ ကန့်ကွက်ခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီအမတ်များက ထောက်ခံ၍ အနိုင်ရရှိကာ ကော်မရှင်ဖွဲ့ လုပ်ဆောင် နေပြီဖြစ်သည်။