ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)မပြင်ရေး ဆန္ဒပြပွဲအပြီး ဗုဒ္ဓရုပ်ပွားတော်များ မဲဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် တိုင်ကြားချက်ကို မကြာမီ ဆုံးဖြတ်ချက်ချမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးလှမောင်ချိုက ဇူလိုင် ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
ယင်းကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)က ဘာသာရေးအလွဲသုံးသည် ဟု တိုင်ကြား ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ကိုးဦးက နောက်ဆုံး ဆုံးဖြတ်ချက်ချရန် စီစဉ်ထားခြင်းဖြစ်သည်။
“ကော်မရှင်ဝင်တွေအားလုံးကနေပြီး စစ်ဆေးတွေ့ရှိတဲ့ အချက်တွေအပေါ်ကို သုံးသပ်ပြီး ဆုံးဖြတ်ကြပါဦး မယ်။အဲဒီလိုဆုံးဖြတ်ပြီးမှပဲ သက်ဆိုင်ရာပါတီကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကိုပဲ ပြောနိုင်လိမ့်မယ်”ဟု ဦးလှမောင်ချိုက ဆိုသည်။
သို့သော် ဆွေးနွေးမည့်နေ့ရက်နှင့် အချိန်ကိုမူ အတည်မပြုနိုင်သေးဟု ၎င်းက ပြောသည်။ မေ ၁၅ ရက်က ဇလွန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီက ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးဆန္ဒ ထုတ်ဖော်ပွဲ ရည်ညွှန်းကာ အင်န်အယ်လ်ဒီက မေ ၂၆ ရက်တွင် တိုင်ကြားခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီဝင်များဦးဆောင်ကာ ဒေသခံငါးထောင်ခန့် ပူးပေါင်းပါ၀င်သည့် ဆန္ဒပြပွဲအပြီး စီတန်းလှည့်လည် မှုတွင် ပါ၀င်သူများကို ဗုဒ္ဓဆင်းတုတော်များ မဲဖောက်ပေးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ဘုရားပင့်ဖို့သွားကြတာပဲ။ သူတို့ကလည်း အဲ့လိုမျိုး(ဆန္ဒထုတ်ဖော်ဖို့) ပြောပြီးတော့လည်း မခေါ်ကြဘူးလေ။ ဘုရားပေးဖို့ဆိုတော့လည်း ကျွန်တော်တို့က သွားကြတာပေါ့။ ၅၉(စ) ဆန့်ကျင်ဖို့ခေါ်မယ် ဆိုရင်တော့ ကျွန်တော်တို့က ဒီပုဒ်မတွေ ဘာတွေလည်း အကျွမ်းတဝင် မရှိဘူးလေဗျာ။ ကိုယ်အကျွမ်းတဝင် မရှိတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့က သွားဖြစ်ချင်မှသွားဖြစ်မယ်”ဟု ဒေသခံတစ်ဦးက မေ ၁၆ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောဆိုထားသည်။
အင်န်အယ်လ်ဒီ၏ တိုင်ကြားစာတွင် ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးဆန္ဒဖော်ထုတ်သည်ဟု မြို့ပေါ်တွင် လက်ကမ်းစာစောင်များ ဝေငှခဲ့သော်လည်း ကျေးရွာများ၌မူ ဘုရားဆင်းတု တော်များ ဝေပေးမည်ဟူ၍သာ ဖိတ်ကြားခဲ့သည်ဟု ပါ၀င်သည်။
ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က “ကျွန်တော်က ဒီပွဲကိုရည်ရွယ်ပြီး ဘုရားတွေကို ဆောင်ထားတာ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်က ပုံမှန်လုပ်နေတာခင်ဗျ။ ဒီတစ်ခါနဲ့ဆို လေးခါလောက်ရှိပါပြီ”ဟု ဆန္ဒပြခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များ မဲဖောက်ခြင်းတို့အပြီး မဇ္ဈိမကို ပြောသည်။
တိုင်ကြားချက်ကို တိုင်း၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တစ်ဦးစီ၊ ဒေသအတွင်း ပါတီရုံးဖွင့် အခြေစိုက်ထားသည့် ကရင်ပြည်သူ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့၏ မြို့နယ် ဥက္ကဋ္ဌ တစ်ဦးစီတို့ပါ၀င်သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်။
“စစ်လို့ရလာတဲ့ အချက်အလက်တွေကို ချိတ်ပိတ်ပြီးတော့ ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်ကို တင် လိုက်ပြီ” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
တိုင်ကြားသူ ဇလွန်မြို့နယ်၊ အင်န်အယ်လ်ဒီပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးက သက် ဆိုင်သူတို့က ဆုံး ဖြတ်ချက်တစ်စုံတစ်ရာမချမီ မှတ်ချက်မပြုလိုဟု ပြောသည်။
ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့မူ ယင်းနှင့်စပ်လျဉ်း၍ ဆက်သွယ်ခဲ့သော်လည်း မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။ဆန္ဒပြပွဲအပြီး ဗုဒ္ဓရုပ်ပွားတော် ၈၀၀ ခန့် မဲဖောက်ပေးခဲ့သည်ဟု ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးက မဇ္ဈိမကိုပြောထားသည်။