အောင်မြင်သည့် ဒီမိုကရေစီစနစ်တည်ဆောက်ရေး တပ်မတော်သားများ သတိ်္တရှိရန်လိုဟု ဒေါ်စုပြောကြား

အောင်မြင်သည့် ဒီမိုကရေစီစနစ်တည်ဆောက်ရေး တပ်မတော်သားများ သတိ်္တရှိရန်လိုဟု ဒေါ်စုပြောကြား
by -
မဇ္စျိမ

မြန်မာနိုင်ငံ၍ အောင်မြင်သည့် ဒီမိုကရေစီစနစ် တည်ဆောက်ရန် တပ်မတော်သားများအပါ၀င် ၀န်ထမ်းများ သမာသမတ်ကျရန်၊ သတ္တိရှိရန်လိုအပ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားသည်။

ယနေ့ကျင်းပနေသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်၌ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အာဆီယံစီးပွားရေးသင်တန်း လွှတ်တော်သို့ လေ့လာရေးလာရောက်သော ဆရာ၊ ဆရာမများ သင်တန်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “၀န်ထမ်းတွေက သတ္တိရှိရမယ်၊ နိုင်ငံကို ဒီမိုကရေစီစနစ်နဲ့ ပြန်တည်ဆောက်မယ်ဆိုရင် ၀န်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ပြောင်းပြောင်းသွားတယ်၊ ၀န်ထမ်းတွေက မပြောင်ဘူး၊ အဲဒီတော့ ဒီဝန်ထမ်းတွေက သမာသမတ်ရှိဖို့၊ သတ္တိရှိဖို့၊ လုပ်ရဲကိုင်ရဲဖို့၊ လုပ်တတ်ဖို့က သိပ်အရေးကြီးတယ်” ဟု ပြောသည်။

၎င်းက “တကယ်အောင်မြင်တဲ့ ဒီမိုကရေစီစနစ်တွေ ကြည့်လိုက်ရင် Civil Services (ပြည်သူ့ဝန်ထမ်း) က အရမ်းအားကောင်းတယ်၊ အရမ်းအားကောင်းတယ်ဆိုတာ အာဏာသြဇာကို ပြောတာ မဟုတ်ပါဘူး။ အရည်အချင်းအားဖြင့် အားကောင်းတာ” ဟု ဖြည့်စွက်ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံသည့် အိန္ဒိယနိုင်ငံသည် နိုင်ငံဧရိယာကြီးမားကာ ပြဿနာအမျိုးမျိုး၊ ဆင်းရဲနွမ်းပါးမှု များပြားခြင်း၊ ဘာသာအမျိုးမျိုး၊ လူမမျိုး ကွဲပြားစွာရှိသောလည်း ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းနိုင်ခြင်းမှာ ပထမမျိုးဆက် လွတ်လပ်ရေးခေါင်းဆောင်များသည် ဆယ်စုနှစ် တစ်ခုစာမျှ နိုင်ငံတည်ငြိမ်ရန် ဦးဆောင်မှုပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

သူမက “နောက်တစ်ခုက သူတို့ရဲ့ တပ်မတော်က ဒီမိုကရေစီအစဉ်အလာအရ  အဲဒါကျတော့ ၀န်ထမ်းတွေနဲ့ ဆိုင်တယ်၊ ၀န်ထမ်းတွေရဲ့စိတ်ဓာတ်က ဒီမိုကရေစီနဲ့ ကိုက်ညီတယ်၊ ၀န်ထမ်းဥပဒေဘောင်အတွင်းမှာနေတယ်၊ နိုင်ငံရေးမှာ ၀င်မစွတ်ဘူး” ဟု ဆိုသည်။

“သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်အရ ထောက်ခံချင်တဲ့ပါတီ ထောက်ခံမယ်၊ ဒါပေမဲ့ သူတို့ရဲ့အလုပ်ထဲမှာ ဒီဟာကို ဆွဲမထည့်ဘူး။ အဲဒီတော့ နိုင်ငံရေးအရ ဘယ်လို့ပဲ ပြောင်နေပြောင်းနေ ၊ နိုင်ငံရဲ့တည်ငြိမ်မှုကို တော်တော်ထိန်းနိုင်တာက ဒီဝန်ထမ်းတွေ၊ တပ်မတော်သားတွေလဲ ပါတယ်။ တပ်မတော်သားတွေဆိုတာလည်း ၀န်ထမ်းပဲ” ဟု ၎င်းက ဖြည့်စွတ်ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း စနစ်ပြောင်းသွားပြီဖြစ်သကဲ့သို့ ခေတ်လည်း လိုက်ပြောင်းရမည်ဖြစ်ကြောင်း၊ အပြောင်းအလဲကို လိုချင်နေသည့် ပြည်သူများ၏ ဆန္ဒကို နားလည်သဘောပေါက်ကြရမှာ ဖြစ်ကြောင်း၊ ဗဟိုချုပ်ကိုင်သည့် စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန်ခံသည့် စနစ်မျိုးဖြင့် သွားကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် အောက်ခြေက တောင့်တင်းခိုင်မာရန်၊ အားကောင်းရန် လိုအပ်ပါကြောင်း ၂၀၁၁ ခုနှစ်၊ ဧပြီလ ရ ရက်က ဒုတိယသမ္မတများ၊ ပြည်တောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများချုပ်များအား ပြောကြားခဲ့သည်။

အမှန်အလုပ်လုပ်ကြရမည့် သူများမှာ ညွှန်ချုပ်ကစပြီး အောက်ခြေဝန်ထမ်းများဖြစ်ကြောင်း၊ ၀န်ကြီးများ၊ ဒု-၀န်ကြီးများသည် စနစ်သစ်အရ ငါးနှစ်တစ်ကြိမ် ခေါင်းပြောင်းနေကြမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် ညွှန်ချုပ်ကပြီး အောက်ခြေအဆင့်အထိ အဆင့်ဆင့်သော ၀န်ထမ်းများ အရည်အချင်းပြည့်ဝမှသာ ၀န်ကြီးဌာန၏ လုပ်ငန်း သွက်လက်မြန်ဆန် မှန်ကန်မှာဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။