မီဒီယာများဖိနှိပ်ခံရမှုကို သမ္မတထံ ပြန်လည် တင်ပြပေးမည်ဟု ပြန်ကြားရေးဝန်ကြီး ကတိပြု

မီဒီယာများဖိနှိပ်ခံရမှုကို သမ္မတထံ ပြန်လည် တင်ပြပေးမည်ဟု ပြန်ကြားရေးဝန်ကြီး ကတိပြု
by -
မဇ္စျိမ

မီဒီယာဖိနှိပ်မှုများနှင့် ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ၏ ဆွေးနွေးမှုများ သမ္မတထံသို့ ပြန်လည်တင်ပြပေး မည်ဟု ပြန်ကြားရေးဝန်ကြီးက ကတိပြုခဲ့သည်ဟု ဇူလိုင် ၂၁ ရက် နေပြည်တော်တွင် ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အတွင်းရေးမှူးပါအဝင် အဖွဲ့ဝင်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ လတ်တလောဖြစ်ပေါ်နေသော သတင်းမီဒီယာများ အရေးကိစ္စများနှင့် ပတ်သက်၍ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ ၀င်များဖြစ်သည့် ဦးသီဟစော၊ ဒေါ်နန်းကလျာဝင်းနှင့် ဦးမြင့်ကျော်တို့က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတာနဲ့ ပတ်သတ်ပြီး ညှိနှိုင်းဖြေရှင်းရတာပေါ့။ ပြန်ကြားရေးဝန်ကြီးကလည်း ကျွန်တော်တို့ ပြောတာတွေ အကုန်မှတ်ထားပြီး သမ္မတကြီးဆီကို အကုန်လုံးမခြွင်းမချန် တင်ပြပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ သမ္မတနဲ့လည်း တိုက်ရိုက်တွေ့ရဦးမှာပါ” ဟု ၎င်းက ပြောသည်။

သတင်းမီဒီယာသမားများ ဖိနှိပ်ချုပ်ချယ်ခံရမှုနှင့် ပတ်သတ်၍ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇူလိုင်လ ၁၄ ရက် က စာတင်ပြထားခဲ့ခြင်းဖြစ်သည်။

သမ္မတနှင့် သွားရောက်တွေ့ဆုံဆွေး နွေးရာတွင် ကောင်စီ၏ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူ ခုနစ်ဦးက သွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

လက်ရှိအချိန်တွင် သတင်းမီဒီယာအတွင်း ယူနတီအပတ်စဉ်ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား ၁၉၂၃ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ၃/၁(က)ဖြင့် ဇူလိုုင် ၁၀ ရက်က အလုုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခြင်း၊ အစိုးရသစ် လက်ထက်တွင် Daily Eleven သတင်းစာနှင့် ဒီဗီဘီသတင်းဌာနမှ သတင်းထောက်တို့ ထောင်ဒဏ်ချမှတ်ခြင်း၊ Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက်များအား စစ်ဆေးနေခြင်းနှင့် သတင်းမီဒီယာဌာနမှ တာဝန်ရှိသူများကို မြန်မာနိုင်ငံသတင်း ရဲတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

စာနယ်ဇင်းကောင်စီ (ယာယီ)ကို အဖွဲ့ဝင် ၂၉ ဦးဖြင့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က စတင် ဖွဲ့စည်းခဲ့ သည်။

Most read this week