ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံခဲ့ရသည့် ယူနတီသတင်းထောက် လေးဦး၏ အယူခံကိုတိုင် တရားလွှတ်တော်ရုံးက လက်ခံလိုက်ပြီဖြစ်ကြောင်း အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၂၁ ရက်က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ အယူခံဝင်ရန် လျှောက်ထားချက် တင်ပြခဲ့ပြီး ထိုနေ့မှာပင် တိုင်းတရားသူကြီးမှ အယူခံကို တိုက်ရိုက်လက်ခံလိုက်ခြင်းဖြစ်သည်။
ယူနတီဂျာနယ်မှ သတင်းထောက် လေးဦးအပါအဝင် အမှုဆောင်အရာရှိချုပ်တို့အား ပခုက္ကူမြို့နယ် တရားရုံးမှ ဇူလိုင်လ ၁၀ ရက်၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၀ နှစ် ချမှတ်ခဲ့သဖြင့် သတင်းထောက် လေးဦးအတွက် ၎င်းတို့၏ အကျိုးတော်ဆောင်ရှေ့နေက အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။
“မကွေးတိုင်း တရားလွှတ်တော်ရုံးမှာ တင်လိုက်ပါပြီ။ တရားသူကြီးရှေ့မှာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာတော့ မသိရသေးပါဘူး။ တိုက်ရိုက်လက်ခံလိုက်မယ်ဆိုရင် အပြီးသတ်ကြားနာဖို့ ရုံးချိန်းကို စောင့်ဆိုင်းရမယ်။ တိုက်ရိုက်လက်မခံရင် သီးခြားလျှောက်လဲချက်ပေးရမှာပါ”ဟု ၎င်းက ပြောသည်။
ယူနတီဂျာနယ်၏ ၂၀၁၃ခုနှစ် ဇန်န ၀ါရီလ ၂၅ ရက်ထုတ် အတွဲ(၃)၊ အမှတ်(၄)တွင် ဖော်ပြခဲ့သည့် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု စက်ရုံဟု ဓာတ်ပုံနှင့်တကွ သတင်းရေးသားဖော်ပြခဲ့သည့် သတင်းထောက်လေးဦး နှင့် အမှုဆောင်အရာရှိချုပ်ကို အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဌာနမှူး ဒု-ဗိုလ်မှူးကြီး ကျော်ကျော်ဦးက ပေါက်မြို့နယ် ရဲစခန်းသို့ တရားလိုပြု တိုင်ကြားခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ် တရားရုံးတွင် ၁၉၂၃ ခုနှစ် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ-၃(၁)(က)/၉ ဖြင့် ဇူလိုင် ၁၀ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
သတင်းထောက် ကိုသဲရာဇာဦး၏ ိခင်ဒေါ်ခင်မာချိုက“လုံးဝလွှတ်ပေးဖို့ကိုပဲ မျှော်လင့်ပါတယ််” ဟု ပြောသည်။ပြစ်ဒဏ်ချခဲ့ခြင်းကို ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အချို့က ကန့်ကွက်ထားကြသည်။