ထိုင်းနိုင်ငံမှ ပြန်လာမည့် ဒုက္ခသည်များ နေရာချထားရေး ကရင်လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မည်

ထိုင်းနိုင်ငံမှ ပြန်လာမည့် ဒုက္ခသည်များ နေရာချထားရေး ကရင်လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မည်
by -
မဇ္စျိမ

ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များကိုထိုင်းအာဏာသိမ်းစစ်အစိုးရက ပြန်ပို့တော့မည်ဟု ပြောဆိုပြီးနောက် မြန်မာနိုင်ငံတွင် နေရာချထားရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့များက ပူးပေါင်းဆောင် ရွက်မည်ဟု နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးနိုင်မောင်ဇော်က ဇူလိုင် ၁၅ ရက်တွင် မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံသားဒုက္ခသည် တစ်သိန်းသုံးသောင်းကို သုံးစုခွဲ၍ တစ်နှစ်သို့မဟုတ် တစ်နှစ်ကျော်အကြာတွင် ပြန်ပို့ပေးမည်ဟု ထိုင်းစစ်အစိုးရက ဇူလိုင် ၁၄ ရက် တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီဘက်ကိုပြန်ရောက်ရင်ဒုက္ခသည်ပုံစံမျိုးနဲ့ မဟုတ်တော့ဘူးလေ။ ထောက်ပံ့မှုတွေလည်းမရှိတော့ သူတို့ နေထိုင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းကိစ္စအတွက် အလုပ်အကိုင်အခွင့်အလမ်းကအစ ဖော်ထုတ်ပေး
ရမယ်။ ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီက မကြာခင်မှာ အသေးစိတ် ဆွေးနွေးဖို့ရှိပါတယ်။

အစိုးရရဲ့အကူအညီတွေလည်း အများကြီးလိုပါတယ်”ဟု ဗိုလ်မှူးနိုင်ဇော်အောင်က မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် မြဝတီခရိုင်မှ ဖလူးကျေးရွာ၊ ဘုရားသုံးဆူမြို့နယ်မှ မယ်ကသာကျေးရွာတို့တွင် ထားရှိရန်လျာ ထားပြီး ကရင်လက်နက်ကိုင်အဖွဲ့အသီးသီးက နယ်မြေများ စီစဉ်လျက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

ဒုက္ခသည်များပြန်လည်နေရာချထားရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်မှုကော်မ တီ၏လုပ်ငန်းဖော်ဆောင်မှုကော်မတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးလှမောင်ရွှေက “ပြန်ခေါ်တာကတော့ တစ် နေ့ပြန်ခေါ်ရမှာပေါ့၊ ပဋိပက္ခတွေမရှိတဲ့ဒေသတွေမှာ ဖြည်းဖြည်းချင်း ပြန်ခေါ်နေပြီ၊ အနှေးနဲ့အမြန်တော့ ဒီ ကိစ္စကို အသေးစိတ် ဆွေးနွေးကြမယ်ထင်ပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းတွင် ဇူလိုင် ၁၉ ရက်က စပြီး ထိုုင်းအာဏာပိုုင်များက လူဦးရေစာရင်းဝင်ရောက်စစ်ဆေးမည်ဟု ကြေညာ ထားသည်ဟု ယင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်များက ပြောသည်။

“ဒုက္ခသည်ဦးရေ စိစစ်မယ်လို့ကြေညာထားတယ်။ မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတာတော့ စခန်းတွေမှာမ ပြောသေးဘူး”ဟု ကရင်နီ အမှတ်(၁)ဒုက္ခသည်စခန်းတွင် နေထိုင်သူမစူးမယ်က ပြောသည်။
ထိုင်းအစိုးရကအဆိုပါဒုက္ခသည်များကို ၂၀၁၂ စက်တင်ဘာမှစတင်ကာရိက္ခာလျှော့ချမှုများပြုလုပ်ခဲ့သည်။