မြန်မာနိုင်ငံက ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ ဒုတိယခြောက်လအတွင်း နိုင်ငံတကာနှင့် NGOs တို့မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာသန်း ၂၃၀ ခန့် ရရှိခဲ့သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြောကြားခဲ့သည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ယာဉ်နှင့် ရုံးသုံးပစ္စည်းများ အကူအညီပေးရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း၊ တာဝန်သိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် အပြုသဘော အားပေးတိုက်တွန်းမှုဖြစ် ရေးနဲ့ပတ်သက်ပြီး အီတလီနိုင်ငံက ၁ ဒသမ ၉၅ သန်း အထောက်အပံ့များ ရရှိပါတယ်”ဟု ၎င်းက အစချီလျက် ကျန် လေးနိုင်ငံ၊ အာရှဖွံ့ဖြိုးရေဘဏ် (ADB)နှင့် အစိုးရမဟုတ်သော နိုင်ငံတကာမဟုတ်သော အစိုးရအဖွဲ့အစည်းများမှ ထောက်ပံ့မှုများကို လွှတ်တော်သို့ ရှင်းပြခဲ့သည်။
အဆိုပါ ကူညီထောက်ပံ့ကြသည့် နိုင်ငံခြောက်နိုင်ငံအနက် ဂျပန်နိုင်ငံသည် ထောက်ပံ့ငွေအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံဗဟိုဘဏ်လုပ်ငန်း၏ ICT ဖွံ့ဖြိုးရေး၊ ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံများတွင် ဆေးပစ္စည်းကိရိယာများ ပိုမိုကောင်းမွန်လာစေရေး၊ လွိုင်ကော်နှင့် လားရှိုးရှိ ဆေးရုံများ အဆင့်မြှင့်ရေး၊ ရခိုင်ပြည်နယ် လမ်းတံတားတည်ဆောက်ထိန်းသိမ်းရာတွင် အသုံးပြုသည့် စက်ကိရိယာများ ပိုမိုကောင်းမွန် လာရေး၊ လူ့စွမ်းအားရင်း အမြစ်ဆိုင်ရာ ပညာသင်ဆု၊ အကောက်ခွန် စနစ်ခေတ်မီရေး၊ သဘာဝဘေး အန္တရာယ် စောင့်ကြည့်စနစ်ထူထောင်ရေး၊ MRTVအစီအစဉ်နှင့် အသံလွှင့်ပညာဖွံ့ဖြိုးတိုး တက်ရေးစသည် တို့အတွက် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၀၄ သန်း ရှိသည်ဟု စီမံ/စီးပွား ဒု-၀န်ကြီးက လွှတ်တော်သို့ ရှင်းပြခဲ့သည်။
သစ်တောစီမံအုပ်ချုပ်ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု ကို ရင်ဆိုင်တုံ့ပြန်ရေး အတွက် ကိုးရီးယား နိုင်ငံက ဒေါ်လာ ၄ ဒသမ ၃ သန်း၊ နို့စား နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ် မှုအတွက် နယူးဇီလန်က ဒေါ်လာ ၄ ဒသမ ၂၅ သန်း၊ ရေဝေရေလဲ သစ်တောများ ထိန်းသိမ်းခြင်းနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းအတွက် ဒေါ်လာ ၀ ဒသမ ၀၆ သန်း ထောက်ပ့ံခဲ့သည်ဆို၏။
အလားတူပင် အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ လျှပ်စစ်ဥပဒေရေးဆွဲရေး နှင့် လုပ်ထုံးလုပ်နည်း ရေး ဆွဲရေးအတွက် ဒေါ်လာ ၀ ဒသမ ၈၅ သန်း၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ သဘာဝ ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ကလေးသူငယ် ဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊ မြန်မာ့ဆင် သုတေသနလုပ်ငန်း၊ မြိုင်ဟေဝန်ဆင်စခန်း ကိုပြုပြင်၍ ဆင်ထိန်းသိမ်းရေးစခန်း တည်ဆောက်ရေးနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာထိန်း သိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး အတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၆ သန်းတို့ကို မြန်မာနိုင်ငံကို ပံ့ပိုးပေးခဲ့သည်ဟု ဒေါ်လဲ့လဲ့သိန်းက ပြည်ထောင်စု လွှတ်တော်သို့ ရှင်းပြခဲ့သည်။