ကျပ် ၁၉၅ သိန်းနီးပါး တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ကျောက်တံတားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဦးထွန်းနိုင်ဇော်က ပြောသည်။
“လောလောဆယ်မှာတော့ ပစ္စည်းလက်ဝယ်တွေ့တဲ့ လူနှစ်ဦးကို စခန်းမှာ ထိန်းသိမ်းပြီးတော့ ကွင်းဆက် တွေရှိ၊မရှိ စစ်ဆေးနေပါတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့စု အမှတ်(၄၁)မှ တပ်ဖွဲ့ဝင်များသည် မူးယစ်သတင်းအရ ကျောက်တံတားမြို့နယ်၊ (၃) ရပ်ကွက်၊ (၃၅) လမ်းရှိ လားရှိုးလေးစားသောက်ဆိုင်သို့ ရောက်ရှိလာသည့် သန်လျင်မြို့နယ်၊ အောင်ချမ်းသာ (၃) ရပ်ကွက်နေ ဦးတင်မြင့်အောင်(၄၄)နှစ်နှင့် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တွင် နေထိုင်သည့် ဦးအောင်သန်း (ခ)အိုက်သန်း(၄၀)နှစ်တို့ကို စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ၎င်းတို့နှစ်ဦး ကိုင်ဆောင်လာသည့် ပလတ်စတစ်အိတ်နှင့် ထီးအတွင်းမှWY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၉၀ပြား၊ စုစုပေါင်းတန်ဖိုးကျပ် ၁၉၄ ဒသမ ၅ သိန်းတို့ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဦးတင်မြင့်အောင် အပါအဝင် နှစ်ဦးကို ကျောက်တံတားမြို့မရဲစခန်းမှ မူယစ် (ပ) ၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။