မြန်မာ့ဆက်သွယ်ရေးက ဆင်းမ်ကတ်များကို လစဉ်ခွဲတမ်းအတိုင်း ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေးက ဆင်းမ်ကတ်များကို လစဉ်ခွဲတမ်းအတိုင်း ရောင်းချပေးမည်
by -
မဇ္စျိမ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဆင်းမ်ကတ်များကို လစဉ်ခွဲတမ်းများအတိုင်း အရေအတွက်ဖြင့်သာ ဆက်လက်ရောင်းချပေးဦးမည် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အုပ်ချုပ်မှုမန်နေဂျာ (ငြိမ်း)၊ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ အကြံပေး ဦးကျော်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

ပြည်ပအော်ပရေတာများက မိုဘိုင်းဆင်းမ်ကတ်များ စတင်ချပေးတော့မည်ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်း ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ချထားပေးမည်ဖြစ်ပြီး အကန့်အသတ်မရှိ ၀ယ်ယူနိုင်မည်ဟု သတင်းများထွက်ပေါ်လာသော်လည်း ယင်းသို့ ရောင်းချဦးမည်မဟုတ်ဟု ၎င်းက ဆိုသည်။

ဦးကျော်စိုးဝင်းက“ဆက်သွယ်ရေး လုပ်ငန်းကတော့ လက်ရှိမှာလည်း ဆင်းမ်ကတ် တွေကို လစဉ်ခွဲတမ်း အတိုင်း ရောင်းချပေးနေတာပါ။ ဇွန်လအတွင်းမှာလည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်းကို ခွဲတမ်းအဖြစ် ရောင်းချပေးခဲ့ပါတယ်။ နောက်လတွေမှာလည်း ခွဲတမ်းအတိုင်း ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်လလျှင်ဆင်းမ်ကတ်လေးသိန်း ရောင်းချပေးနေခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရ အူရီးဒူးနှင့် တယ်လီနောအနေဖြင့်လာမည့် သြဂုတ်နှင့် စက်တင်ဘာ လများအတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေးမည်ဟု ကြေညာထားပြီး အကန့်အသတ်မရှိ ရောင်းချပေးမည်ဟု ဆိုထားသည်။

ဖုန်းကတ်ဝယ်ယူရန် စောင့်ဆိုင်းနေသည့် သာကေတမြို့နယ်နေ အမျိုးသမီး တစ်ဦးက“အူရီးဒူးဆင်းမ်ကတ် ပဲဖြစ်ဖြစ်၊ မြန်မာ့ဆက်သွယ်ရေးက ဆင်းမ်ကတ်ပဲဖြစ်ဖြစ် အလွယ်တကူဝယ်ယူလို့ရတဲ့ နေရာဆီ ကပဲ ၀ယ်ယူမှာပါ။ စျေးနှုန်းသက်သာစွာနဲ့ မှတ်ပုံတင်ပြပြီး ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ အလွယ်တ ကူဝယ်ယူနိုင် ခွင့်ပေးထားရင်ပိုကောင်းမှာပါ”ဟုဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အခြားပြည်ပအော်ပရေတာများ စတင်ဝန်ဆောင်မှုမပေးမီ မိုဘိုင်း စျေးကွက်ကို ပိုမိုပိုင်ဆိုင်ခွင့်ရရှိထားနိုင်ရန်ပြုလုပ်သင့်ကြောင်း အမေရိကန် စီးပွားရေးအကြံပေး ကုမ္ပဏီ တစ်ခုဖြစ်သည့် နူDeloitte Consu-lting (Myanmar )၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးချစ်ထွန်းဖေက အကြံ ပြုပြောကြားသည်။

၎င်းက“နောက်မှ တခြားအော်ပရေတာတွေဆီက အသုံးပြုသူတွေကို ကိုယ့် Customer အဖြစ် ပြန်ရ အောင်ကြိုးစားရင် အဲဒီအတွက် ကုန်ကျစရိတ်က အခုအချိန် ထက်ပိုပြီးကုန်ကျသွားနိုင်တယ်”ဟု အကြံ ပြုပြောကြားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် ရွေးချယ်ခံထားရသော ရတနာပုံအများ ပိုင်ကုမ္ပဏီ လီမိတက်အနေ ဖြင့် လက်ရှိတွင် ၎င်းတို့နှင့်ပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံတကာ အော်ပရေတာကို ရှာဖွေနေဆဲဖြစ်ကာ လုပ် ကိုင်ခွင့်လိုင်စင် တရားဝင်ချထားပေးခြင်း မရှိသေးဟု ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနက မဇ္ဈိမကို ပြောသည်။

ပြည်တွင်းမိုဘိုင်းဖုန်းဆက်သွယ်ရေး လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၊ ရတနာပုံ တယ်လီပို့၊ တယ်လီနောနှင့် အူရီးဒူးတို့က လုပ်ကိုင်သွားမည်ဖြစ်သည်။

Most read this week