တရုတ်မှ ဆန်ဝယ်လိုအား နှစ်ဆကျော်မြင့်တက်နေပြီး တန်ချိန်၁၆၀,၀၀၀ ကျော် စံချိန်တင် တင်ပို့

တရုတ်မှ ဆန်ဝယ်လိုအား နှစ်ဆကျော်မြင့်တက်နေပြီး တန်ချိန်၁၆၀,၀၀၀ ကျော် စံချိန်တင် တင်ပို့
by -
မဇ္စျိမ

ပြီးခဲ့သည့်နှစ်ထက် ယခုနှစ်တွင် မြန်မာမှတရုတ်သို့ စံချိန်တင် ဆန်တင်ပို့မှု အဖြစ် တန်ချိန် ၁၆၀,၀၀၀ ကျော်အထိ တင်ပို့ခဲ့သည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်၏ ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက မဇိ်္စျမကို ပြောသည်။

၂၀၁၄ ခုနှစ် ခြောက်လအတွင်း ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်ဆန်တင်ပို့မှုထက် နှစ်ဆနီးပါးအထိ တင်ပို့မှုမြင့်တက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ခြောက်လတွင် ဆန်တန်ချိန် ရ၉,၀၀၀ အထိသာ တင်ပို့မှု ရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ဇွန်လတွင် ဆန်တန်ချိန် ၂၈,၀၀၀ ကျော်တင်ပို့ခဲ့ရာ ယခုနှစ် ဇွန်လတစ်လတည်းတွင်ပင် တန်ချိန် ၈၅,၀၀၀ ကျော်အထိ တင်ပို့မှုမြင့်တက်ခဲ့သည်။ ပြီးခဲ့သည့်လပိုင်းများတွင် တရုတ်သို့ နေစဉ်ဆန်တန်ချိန် ၂,၅၀၀ ၀န်းကျင်တင်ပို့ရာမှ လက်ရှိအချိန်တွင် တန်ချိန် ၃,၅၀၀ ခန့် နေ့စဉ်တင်ပို့နေပြီး နွေစပါးပေါ်ချိန်၌ တရုတ် ၀ယ်လိုအား နှစ်စဉ်နည်းသော်လည်း ယခုနှစ်တွင် ၀ယ်လိုအားကောင်းမွန်နေ ခြင်းဖြစ်သည်။

ဦးချမ်းသာဦး က “ ဒီနှစ်ထဲမှာ တရုတ်က ၀ယ်လိုအားကောင်းနေတယ်။ အရင်နှစ် တွေထက်စာရင် စျေးနှုန်းပိုင်းအရကုန်သည်တွေရော တောင်သူတွေအတွက်ပါ တွက်ခြေကိုက်တဲ့စျေးနှုန်းကိုရတယ်။ တရုတ် ဘက်ကလည်း ဆန်လိုအပ်ချက်များနေတယ် ” ဟု ပြောသည်။

ယခုနှစ်တွင် တရုတ်ဘက်မှ အရည်အသွေးကောင်းမွန်သည့် ဆန်များကိုသာ စျေးပေးဝယ်ယူလာပြီး အလတ်စနှင့် အောက်စဆန်များကိုမူ တရုတ်ဘက်မှ အရည်အသွေးကောင်းအောင် ပြန်လည်ထုတ်လုပ် သည့်အတွက် ထုတ်လုပ်မှုစရိတ် ကာမိစေရန် ကိုက်ညီသည့်စျေးနှုန်းနှင့်သာ ၀ယ်ယူနေရာအချို့မြန်မာ ကုန်သည်များမှာ ရောင်းချနိုင်ရာတွင်စျေးအရနည်း၍ အခက်အခဲနှင့်တွေ့ရသည်ဟု မူဆယ်ဆန်ကုန်သည် တစ်ဦးက ပြောသည်။

ဦးချမ်းသာဦးက “ အလတ်စနဲ့အောက်စဆန်တွေက မရောင်းရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြောင်းလဲ လာတဲ့ စျေးကွက်အရ အရည်အသွေးကောင်းတဲ့ဆန်ကို ပိုမိုထုတ်လုပ်နိုင်ဖို့လိုအပ်လာပါပြီ ” ဟု ပြော သည်။

တရုတ်ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ပြည်တွင်းဆန်စျေးကွက်အတွင်း၌လည်း ဆန်စျေးနှုန်းများ မြင့်တက်လာနေပြီး ဇွန်လအတွင်း ဧည့်မထ ငါးမှတ်ဆန် တစ်အိတ်လျှင်ကျပ် ၁၇,၂၀၀ ၀န်းကျင် ရှိရာမှ လက်ရှိ အချိန်တွင် ကျပ် ၁၈,၂၀၀ ခန့်အထိ စျေးတက်လာသည်ဟု ၀ါးတန်းဆန်စပါးကုန်စည်ဒိုင်မှ ဆန် ကုန်သည်များက ပြောသည်။

တရုတ်နိုင်ငံမှ အဓိကဆန်ဝယ်ယူသည့် ဗီယက်နမ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ် ရေးများရပ်ဆိုင်းထားမှုများ ကြောင့် မြန်မာဘက်မှ ဆန်များကို အားထားဝယ်ယူလာပြီး မြန်မာဘက်မှာလည်း ယခုနှစ်တွင် စပါး စျေးနှုန်း မြင့်နေသည့်အတွက် ပင်လယ်ရေကြောင်းကုန်သွယ်မှုထက် နယ်စပ်ကုန်သွယ်မှုကိုဦးစားပေးကာ ဆန်တင်ပို့လာခြင်းတို့ကြောင့် မြန်မာမှတရုတ်သို့ ဆန်တင်ပို့မှုနှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု ဆန် ကုန်သည်ကြီးများကသုံးသပ်သည်။

Most read this week