နိုင်ငံတော်လုံခြံုရေး အန္တရယ်ပေးလာပါက မီဒီယာများကို ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် သတိပေး

နိုင်ငံတော်လုံခြံုရေး အန္တရယ်ပေးလာပါက မီဒီယာများကို ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် သတိပေး
by -
မဇ္စျိမ

သမ္မတဦးသိန်းစိန်၏ မန္တလေးပဋိပက္ခနှင့် ပတ်သက်သည့် မိန့်ခွန်းတွင် နိုင်ငံတော် လုံခြံုရေးအတွက် အန္တရယ်ပေးလာပါက မီဒီယာများကို တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူသွားမည်ဟု သတိပေးပြောကြားလိုက်သည်။

မန္တလေးပဋိပက္ခများနှင့် ပတ်သက်၍ ဇူလိုင် ရ ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယေဘုံယျခြံုငုံ၍ 'မီဒီယာများ' ဟု သုံးနှုန်း သတိပေးလိုက်ခြင်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံး နိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော် လုံခြံုရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်’’   ဟု သမ္မတက ​ပြောသည်။

ထိရောက်စွာအရေးယူမည်ဟူသည့် သမ္မတ၏ ပြောစကားနှင့်ပတ်သက်၍ "ခြိမ်းခြောက်တဲ့သဘော သက်ရောက်တာပေါ့။ အားလုံး၊ မီဒီယာလောကကြီးတစ်ခုလုံး သတိထားကြဆိုတဲ့ သဘောကတော့ သိပ်ပြီးတော့ သဘာဝမကျဘူး" ဟု မြန်မာဂျာနယ်လစ်ကွန်ရက် ဦးမြင့်ကျော်က သုံးသပ်သည်။

မန္တလေးတွင် ပဋိပက္ခမဖြစ်ပွားခင်ကတည်းက အွန်လိုင်းဘလော့တစ်ခုဖြစ်သည့် သစ်ထူးလွင်ဘလော့မှ မှုခင်းသတင်းတစ်ခုအနေနှင့် စတင်၍ သတင်းများပြန့်ပွားခဲ့ခြင်း ဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများ၊ ဖေ့စ်ဘွတ်များတွင် ပြန့်နှံ့ခဲ့ပြီးနောက် မန္တလေးတွင် ပဋိပက္ခများ ရုတ်တရက် ကြီးထွားခဲ့သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် မီဒီယာသမားများအပေါ် ပထမဆုံးအကြိမ် တပ်လှန့်ခဲ့သည့် ကိစ္စမှာ Eleven Media မှ သတင်း​ထောက် ဖြစ်သူ မနော်ခိုင်ခိုင်အေးချို ၂ဝ၁၃၊ အောက်တိုဘာက အိမ်ကျော်နင်းမှု၊ အသရေဖျက်မှုတို့နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ပိုင်နက်ကျူးလွန်မှုဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

ထို့ပြင် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်အပါအဝင် သတင်းထောက်လေးဦးတို့ကို မြန်မာနိုင်ငံလျှို့ ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/(၉) ဖြင့် မေလအတွင်းပိုင်းက ရုံးတင် စစ်ဆေးလျှက်ရှိသည်။ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၁၄ နှစ်ကျခံရမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ပြောဆိုချက်အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မီဒီယာလွတ်လပ်ခွင့်အမြင့်မား ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ၎င်းတို့၏ ပြုပြင် ပြောင်းလဲမှုများကြောင့် ရောက်ရှိခဲ့သည်ဟုလည်း ဆိုသည်။

မန္တလေးပဋိပက္ခဖြစ်ပွားပြီးနောက် သမ္မတဦးသိန်းစိန်က မိန်းခွန်းပြောရာတွင် သွေးထိုး လှုံ့ဆော်မှုများနှင့် အကြမ်းဖက်ဖျက်ဆီးမှုများကို လုံးဝသည်းခံမည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း ထပ်မံ သတိပေးလိုက်သည်။

“သွးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ” ဟု ​ပြောသည်။

ပဋိပက္ခများ ဖြစ်​ပေါ်ခြင်းအတွက် ဦးသိန်းစိန် ဦး​ဆောင်သည့် အစိုးရ၏ ပုံရိပ်ကို ထိခိုက်လာနိုင်သည်ဟုလည်း နိုင်ငံ​ရေး ​လေ့လာ သုံးသပ်သူ ဦး​ကျော်လင်းဦးက ​ပြောသည်"၂ဝ၁၅ နီးလာတဲ့အချိန်မှာ ပဋိပက္ခတွေ ဆက်ရှိနေဦးမယ်ဆိုရင် ဦးသိန်းစိန်နဲ့ သူ့ရဲ့  အစိုးရပုံရိပ်ကို ထိခိုက်လာနိုင်တယ်လို့ သူတို့ ယူဆလာတဲ့အတွက် ထိထိရောက်ရောက် လုပ်တော့မယ်လို့ ယူဆရတယ်" ဟု မဇ္စျိမကို ပြောသည်။

သမ္မတဦးသိန်းစိန်သည် ပုံမှန်အားဖြင့် ၎င်း၏ရေဒီယိုမိန့်ခွန်းများကို တစ်လတစ်ခါ ပြောကြားလေ့ရှိသော်လည်း ယခု မန္တလေးတွင် ဖြစ်ပွားသည့် ကိစ္စများကိုမူ ဇွန်လ အတွက် မိန့်ခွန်းပြောကြားပြီး ၄ ရက်အကြာတွင် ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။