ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က ရွာသား ခြောက်ဦးကို အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များက ဇွန်လ ၂၄ ရက် နံနက်က ၎င်းတို့၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နမ့်ခမ်းမြို့ ဘုရားကြီးကျောင်းမှ သံဃာ ဦးပညာရူပ က မဇ္စျိမကို မိန့်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာအနီး အစိုးရစစ်တပ်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဒေသခံ ရွာသားများကို ဖမ်းဆီးစစ်ဆေးမှုများ ရှိသဖြင့် ဒေသခံများက စိုးရိမ်မှုများ ရှိနေသည်ဟု အဆိုပါ သံဃာက မိန့်ဆိုသည်။
“တိုက်ပွဲတော့ မရှိဘူး။ မာန်အောင်ရွာက အစိုးရ စစ်တပ်တွေတော့ ရှိနေတယ်။ အခုချိန်က စစ်ဆေး မေးမြန်းတာတွေ ရှိတယ်။ ဒီနေ့မနက် မာန်အောင်ရွာက ၂ ဦး၊ ဖာဂန်ရွာက ၂ ဦးရယ် ဆိုင်းတောင်ရွာသား ၂ ဦး ၆ ဦးကို အစိုးရ တပ်မ ၈၈ တပ်ဖွဲ့တွေ နေအိမ်ကနေ ခေါ်သွားတယ်။ ဘာမှတော့ မပြောဘူး။ သူတို့ ဒီအတိုင်းခေါ်သွားတယ်။ လမ်းပြဖို့လား မသိဘူး။ ခုထိတော့ မလွတ်လာသေးဘူး”ဟု သံဃာ ဦးပညာရူပက မိန့်သည်။
ဇွန်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော အစိုးရစစ်တပ်နှင့် TNLA တို့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့သော နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာသား ၂ဝဝဝ ကျော်သည် ဇွန်လ ၂၂ ရက်က မိမိနေရပ်သို့ ပြန်သွားကြပြီဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
“တိုက်ပွဲဖြစ်တဲ့နေ့ကတော့ ရွာသားတွေ ထွက်ပြေးလာကြတယ်။ ထွက်ပြေးလာတော့ သံဃာတော်တွေနဲ့ ပူးပေါင်းပြီးတော့ TNLA ဘက်ကို တောင်းပန်ပြီးတော့ သူတို့ ဆုတ်ပေးလိုက်တယ်။ သူတို့ပြန်သွားတော့ ၂၂ ရက်နေ့မှာ ရွာသားတွေ ပြန်သွားကြပြီ”ဟု မိန့်သည်။
အစိုးရ စစ်တပ်က ရွာသားများအား ဖမ်းဆီးခြင်း မပြုလုပ်ရန်နှင့် ရွာသားများ ဒုက္ခမရောက်စေရန် အစိုးရစစ်တပ်နှင့် TNLA တို့ နှစ်ဖက် ညှိနှိုင်းဖြေရှင်းရန်လည်း မိန့်ဆိုသည်။
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ မုံးယကျေးရွာအုပ်စုတွင် အစိုးရ စစ်တပ်နှင့် TNLA၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ကိုးကန့်တပ်မတော်/ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NNDAA) မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့နှင့် မြန်မာအစိုးရ၏ စစ်တပ်တို့ ဇွန်လ ၂၄ ရက် နံနက် ၄ နာရီမှ ၆ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
“ကျွန်တော်တို့နဲ့ ကေအိုင်အေရယ်၊ NDAA တွေ ပေါင်းပြီး မုံးယမှာရှိတဲ့ စခန်း၊ ကျွန်တော်တို့ကို အမြဲတမ်း အနှောက်အယှက် ပေးပြီးတော့ လမ်းကြောင်းပိတ်တဲ့စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်”ဟု TNLA မှ သတင်းနှင့် ပြန်ကြားရေးဌာနက ဒုတိယ တာဝန်ခံ တာပန်လ က မဇ္စျိမကို ပြောသည်။
ထိုတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု မရှိသော်လည်း အစိုးရ စစ်တပ်နှင့် TNLA တပ်တို့ နီးကပ်စွာ လှုပ်ရှားနေသဖြင့် အချိန်မရွေးတိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်သည်ဟု တာပန်လက ပြောသည်။
၂ဝ၁၃ ခုနှစ် ဇူလိုင်လအတွင်း မူဆယ်မြို့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UWPC) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ယနေ့ထိ ထပ်မံ တွေ့ဆုံခြင်း မရှိသေးပေ။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရန် ကမ်းလှမ်းခံထားရသော အဖွဲ့ဖြစ်သည်။