မြန်မာလုပ်သားများအပါအဝင် ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တရားဝင်ဖြစ်ရေး ထိုင်းစစ်အစိုးရ လုပ်ဆောင်မည်

မြန်မာလုပ်သားများအပါအဝင် ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တရားဝင်ဖြစ်ရေး ထိုင်းစစ်အစိုးရ လုပ်ဆောင်မည်
by -
မဇ္စျိမ

ထိုင်းအာဏာသိမ်းအစိုးရ၏ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ စနစ်တကျဖြစ်ရေး အစည်းဝေးကို ဘန်ကောက်မြို့တွင် ကျင်းပခဲ့ပြီး တရားဝင် အလုပ်သမားများ ဖြစ်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ဇွန်လ ၂၁ ရက်က ထိုင်းအာဏာသိမ်း ခေါင်းဆောင်က ထိုင်းရုပ်မြင်သံကြားတွင် ကြေငြာခဲ့သော်လည်း တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က မဇ္စျိမကို ပြောသည်။

“ဒီအလုပ်သမားတွေကြောင့် သူ့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်ပါတယ်။ ဒီလုပ်သားတွေကို တရားဝင် နေထိုင်ခွင့်ရအောင် စနစ်တကျ ဆက်လက် ကြိုးစား သွားမယ်လို့ ပြောတယ်။ နောက် အဲဒီမှာ ပြောသွားတာက ဇွန်လဆန်းမှာ ဖမ်းဆီးအရေးယူနေတဲ့ ကိစ္စတွေ အားလုံး ယာယီရပ်ထားခိုင်းလိုက်တယ်”ဟု ဦးအောင်ကျော်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ထိုင်းအာဏာသိမ်းအဖွဲ့က တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားကို ဖမ်းဆီးနေသဖြင့် အိမ်နီးချင်း ကမ္ဘောဒီယားနိုင်ငံမှ တရားမဝင် အလုပ်သမားများ ၁ သိန်းကျော် နေရပ်သို့ ပြန်သွားခဲ့သဖြင့် ထိုင်းအလုပ်ရှင်များဘက်မှ အလုပ်သမား လိုအပ်ချက်များ ရှိလာမည်ကို စိုးရိမ်နေကြသည်။

“ထိုင်းစစ်တပ်က ဖမ်းဆီးလာလို့ အလုပ်သမားတွေ ကျီးလန့်စာစားသလို ဖြစ်လာတယ်။ ကမ္ဘာဒီးယားလူမျိုးတွေ ပြန်သွားတဲ့အခါမှာ သူ့နိုင်ငံမှာ အလုပ်သမားရှားပါးမှု ပြဿနာ ဖြစ်လာတယ်။ ဒါကြောင့် ဖမ်းဆီးတာ ရပ်နားထားပါ့မယ်လို့ အာဏာသိမ်း ဗိုလ်ချုပ်ကြီးက ပြောတာကို တွေ့ရတယ်”ဟု ဦးအောင်ကျော်က ဆက်ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အလုပ်သမား လက်မှတ် လုပ်ပေးခဲ့ရာ အဆိုပါ လက်မှတ်သည် အလုပ်လုပ်သည့် နေရာ၌သာ နေထိုင်ခွင့်ရှိပြီး ထိုနေရာမှ အခြားနေရာသို့ သွားလာ လုပ်ကိုင်ခွင့် မရှိဟု ထိုင်းနိုင်ငံရောက် နိုင်ငံသားများအဖွဲ့ MAT မှ ကိုကျော်သောင်းက ပြောသည်။

ထိုင်းအာဏာသိမ်းအစိုးရက တရားဝင်အလုပ်သမား လက်မှတ်လုပ်ပေးမည်ဆိုပါက ယခင်ထက် ကုန်ကျစရိတ် သက်သက်သာသာ လုပ်ဆောင်ပေးရန်၊ အလုပ်သမားများ၏ လက်မှတ်မူရင်းကို အလုပ်သမားများ၏ လက်ဝယ် ထားရှိရန်နှင့် ထိုင်းဥပဒေအရ နေ့စားခ ဘတ် ၃ဝဝ အပါအဝင် အလုပ်သမားအခွင့်အရေးများကို ပြည့်ပြည့်ဝဝ ပေးရန် တောင်းဆိုလိုကြောင်း မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက မဇ္စျိမကို ပြောသည်။

“အလုပ်သမားတွေကတော့ ကုန်ကျစရိတ်အနည်းဆုံးနဲ့ လုပ်ပေးတာကိုပဲ လိုချင်တယ်။ အရင်လိုပဲ ကုန်ကျစရိတ်အများကြီး ကုန်ပြီးတော့ လုပ်အားခလည်း မတိုးဘူး။ သင့်တင့်မျှတတဲ့ လုပ်ငန်းခွင်မဖြစ်ဘူး ဆိုရင် အထောက်အထား ရှိလာတာလည်း သူ့တို့ဘဝအတွက် ဘာမှ အဆင်ပြေမှုမဖြစ်ဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

ထိုင်းနိုင်ငံ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးနောက် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေမှုများ လျော့နည်းသွားသော်လည်း ထိုင်းမူခင်းရဲတပ်ဖွဲ့နှင့် လဝက ရဲတပ်ဖွဲ့တို့မှ တစ်ရက်လျှင် အယောက် ၃ဝနှင့် ၄ဝ ခန့် ဖမ်းဆီးနေဆဲဟု ဦးမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား ၂ သန်းကျော် ရှိရာမှ တရားဝင် နေထိုင်ခွင့် လုပ်ဆောင်သူ ၁၇ သိန်းကျော်သာ ရှိသည်။