ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြည်သူ ခြောက်သိန်းကျော် လက်မှတ်ထိုး

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြည်သူ ခြောက်သိန်းကျော် လက်မှတ်ထိုး
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နေသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရန် လူထုထောက်ခံလက်မှတ် ခြောက်သိန်းကျော် ရရှိနေပြီ ဖြစ်သည်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းတွင်းမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ကို ရေးထိုးတဲ့သူ ငါးသိန်းကျော်သွားပါပြီ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

မန္တလေးတိုင် းဥက္ကဋ္ဌဖြစ်သူ ဦးတင်ထွဋ်ဦးကလည်း မန္တလေးတိုင်းရှိမြို့နယ် သုံးမြို့နယ်ဖြစ်သောချမ်းမြသာ စည်၊ မဟာအောင်မြေနှင့် အောင်မြေသာစံမြို့နယ်တို့တွင် ကောက်ယူပြီးသော စာရင်းများအရ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် တစ်သိန်းကျော် ရရှိသွားပြီဟု ဆိုသည်။

“မြို့နယ်တွေ ကျန်နေပါသေးတယ်။ ၁၅ ရက် နောက်ဆုံးထားပြီး စာရင်းတွေ ပို့လို့ ပြောထားပေမယ့် ပြည်ကြီးတံခွန်မြို့နယ်တို့ အမရပူရမြို့နယ်တို့က စာရင်းတွေ မရသေးပါဘူး”ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မြန်မာတစ်နိုင်ငံလုံးရှိ မြို့ နယ်ပေါင်း ၂၇၈ မြို့နယ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၂,၇၀၈,၄၃၄ ဦးအနက် ၂၂,၄၉၆,၆၆၀က မဲပေးခဲ့ပြီး ၂၀,၇၈၆,၅၉၆ ဦးက ထောက်ခံခဲ့ရာ ထောက်ခံသည့် ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် အချိန်သည် နာဂစ်မုန်တိုင်းဖြစ်ပွားသည့် ၂၀၀၈ ခုနှစ် မေလအတွင်းဖြစ်၍ ယင်း ၉၂ ဒသမ ၄ ရာခိုင်နှုန်းသည် မှန်ကန်မှု မရှိနိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံပါတီ အများစုက လက်ခံယုံကြည်ထားသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လသာမြို့နယ်၊ ကြည့်မြင်တိုင်မြို့ နယ်၊ မင်္ဂလာဒုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ စမ်းချောင်းမြို့နယ်များ၌ မိုဘိုင်းလက်မှတ် ကောက်ခံမှုများ ပြုလုပ်ခဲ့သည်။

Most read this week