သံဃာငါးပါးအား လူဝတ်လဲခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရန် လေးပါးစုံညီ ဆွေးနွေးမည်

သံဃာငါးပါးအား လူဝတ်လဲခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရန် လေးပါးစုံညီ ဆွေးနွေးမည်
by -
မဇ္စျိမ

အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို လူဝတ်လဲထောင်ချထားခြင်းနှင့်ပက်သက်၍ ဇွန် ၁၉ ရက်တွင် ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခနှင့် ရွှေဝါရောင်သံဃာ တော် ဦးပြည်ကျော်တို့ လေးပါးအစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရ၊ ဦးသုန္ဒာရသီရိ၊ ဦးတေဇိန္ဒ၊ ဦးပညာစာရ၊ ဦးနန္ဒိယတို့အား လူဝတ်လဲ ထောင်ချ ထားခြင်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ရန်နှင့် မီဒီယာများနှင့် တွေ့ဆုံမည့်အကြောင်းများကိုစည်းဝေးသွား မည်ဖြစ်ပြီး ဆန္ဒဖော်ထုတ်ရန်ကိုလည်း ဆရာတော်လေးပါး စုံညီဆုံးဖြတ်ချက်ဖြင့် ပြုလုပ်မည်ဖြစ်သည်။

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက “သံဃာတော်ငါးပါးကိုလူဝတ်လဲ ထောင်ချတာ မဖြစ်သင့်တာ။ သမ္မတလည်း သိက္ခာကျမယ်လေ။ သာသနာရေးကသမ္မတအကြံပေး ဦးအံ့မောင်က စာနယ်ဇင်း ရှင်းလင်းပွဲမှာ သာသနာတော် ညှိုးနွမ်းစေမှုကြောင့် လုပ်ရတာလို့ပြောတယ်။ သမ္မတပြန်ကြားရေး တာဝန်ယူထားသူက လည်း သမ္မတအကြံပေးမဟုတ်ပါဘူးလို့ ငြင်းတယ်။ ဘယ်သူက လိမ်လည်နေတာလဲ”ဟုမိန့်သည်။

အင်္ဂလန်ဆရာတော်ဦးဥတ္တရ အပါအဝင် သံဃာငါးပါးသည် ပီနန်ဆရာတော်ကြီး၏ တပည့်သံဃာတော်များ ဖြစ်သည့်အတွက် အပြစ်မရှိဘဲ မဟနနှင့် ကျောင်းတိုက်ကိစ္စ အငြင်းပွားနေသည့် ပီနန် ဆရာတော်ကြီးနှင့်သာ တိုက်ရိုက်ဖြေရှင်းကြရန်လိုသည်ဟု ဆရာတော်ဦးပါမောက္ခက မိန့်သည်။

ရွှေညဝါဆရာတော်က “ တာဝန်မဲ့လွန်းတယ်။ သာသနာကို ညှိုးနွမ်းတယ်လို့ ခိုင်လုံတဲ့ အထောက်အထား သာသနာရေးဘက်မှာရှိရင် သံဃာတွေကိုပင့်ပြီး ညှိနှိုင်းသင့်တယ်။ အုပ်စုဖွဲ့ပြီးအနိုင်ကျင့်တယ်လို့မြင် တယ််”ဟု မိန့်ကြားသည်။

မဟာသန္တိသုခကျောင်းတိုက်ရှိ သံဃာတော်များကို သာသနာရေးဦးစီးဌာနရှိ ၀န်ထမ်းများ၊ မဟနနှင့် အစိုးရ အဖွဲ့အာဏာပိုင်များ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် သံဃာတော်ငါးပါး လူဝတ်လဲထောင်ချ ခံရခြင်းကို မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ဘုန်းတော်ကြီးကျောင်းများနှင့် ဟိုတယ်အချို့မှ လက်ခံခြင်းမရှိသဖြင့် ပြုလုပ်နိုင်ခြင်းမရှိဟု ဦးပါမောက္ခက မိန့်ကြားသည်။

ဆရာတော်ဦးဥတ္တရသည် အင်္ဂလန်နိုင်ငံ၊ ဂျာမဏီနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများတွင် သာသနာပြု လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး လူမျိုးခြား၊ဘာသာခြားများကပါ လေးစားကြည်ညိုရသည် ဆရာတော်ဖြစ် သည်ဟုလည်း သာသနာ့ရံသီ တိုက်အုပ်ဆရာတော် ဦးသိလိဠက မိန့်သည်။