ကယန်းစာသင်သည့် ဆရာ၊ ဆရာမ များကို ထောက်ပံ့ကြေးပေးရန် အစိုးရထံ စာတင်

ကယန်းစာသင်သည့် ဆရာ၊ ဆရာမ များကို ထောက်ပံ့ကြေးပေးရန် အစိုးရထံ စာတင်
by -
မဇ္စျိမ

ကယားပြည်နယ်ရှိ ကယန်းတိုင်းရင်းသားစာပေများ သင်ကြားပေးလျှက်ရှိသော ဆရာ၊ ဆရာမ များကို လစာ ထောက်ပံ့ပေးရန် ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြည်ထောင်စု အစိုးရထံ ဇွန် ၁၇ ရက်တွင်စာတင်လိုက် သည်ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးနုန်းရီက မဇ္စျိမကိုပြောသည်။

ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့တွင် ကယန်းတိုင်းရင်းသားများ အများစုနေထိုင်ပြီး ယင်းတိုင်းရင်းသားများကို ကျောင်းချိန်ပြင်ပတွင် ကယန်း စာပေများ သင်ကြားခွင့်ရရှိခဲ့ပြီးသင်ကြားသူများ ကိုမူ ထောက်ပံ့နိုင်ခြင်းမရှိသေးဟု ဦးနုန်းရီကပြောသည်။

“သင်ကြားပေးတဲ့ ဆရာဆရာမတွေကို တစ်လ သုံးသောင်းပေးမယ်လို့ အစိုးရက ပြောထားပါတယ်။ ခုထိ မပေးသေးတဲ့အတွက် တောင်းဆိုရတာဖြစ်ပါတယ်” ဟု ဦးနုန်းရီကပြောသည်။

ကယန်းစာပေ နှင့် ယဉ်ကျေးမှု အဖွဲ့အနေဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ကို ဇွန် ၁၇ ရက်တွင် ပညာသင်စရိတ်ရရှိရေး အတွက် တပြိုင်တည်းစာတင်ထားခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် ကယန်းစာပေကို ၂ဝ၁၃ အောက်တိုဘာ အတွင်းက စတင်သင်ကြားခဲ့ခြင်းဖြစ်သည်။

“ကယန်းစာပေ သင်ဖို့အတွက် ကယန်းတိုင်းရင်းသားဆရာ၊ ဆရာမတွေက ကူညီရတယ်၊ ဆရာဆရာမတွေ ထဲမှာ ကယန်းတိုင်းရင်းသား တွေမပါရင် သီးသန့်ငှားရတယ်၊ ဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ပေးထားရ တယ်”ဟု ကယန်းလူငယ် အစည်းအရုံးမှ ကိုအောင်ဇော်လင်းက မဇ္စျိမကိုပြောသည်။

ကယားပြည်နယ်တွင် ကယန်းစာပေ၊ ကယားစာပေနှင့် ကရော စာပေ စသည့် တိုင်းရင်းသားစာပေ သုံးမျိုးကို သင်ကြားခွင့်ပြုထားသော်လည်း လက်ရှိတွင် ကယန်းစာပေ တစ်မျိုးကိုသာ သင်ကြားနိုင်သေးသည်။

Most read this week