ကချင်ပြည်နယ် ရွှေဂူမြို့နယ် အမှတ်ကြီးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမလိတန်ကို ဖောက်ခွဲမှုနှင့် လက်နက် ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၂၃ နှစ်အထိ ဇွန်လ ၁ဝ ရက်က အမိန့်ချမှတ်ခဲ့သည်ဟု သူ၏ အထက်တန်းရှေ့နေ ဦးခွန်နောင်က မဇ္စျိမကို ပြောသည်။
“သူ့ကို ရွှေဂူမြို့နယ် တရားရုံးက မတရားအသင်းနဲ့ နှစ်နှစ် အမိန့်ချပြီးတာနဲ့ ဗန်းဖော်ခရိုင်ကနေ ဖောက်ခွဲ ၄၊ ဖောက်ခွဲ ၃ နဲ့ ပုဒ်မ ၁၉ တွေနဲ့ ထပ်စွဲတယ်။ မနေ့က ၂၃ နှစ်ချမှတ်လိုက်တယ်” ဟု အထက်တန်းရှေ့နေ တစ်ဦးလည်းဖြစ်၊ ကချင် ဥပဒေအထောက်အကူပြု ကွန်ယက်အဖွဲ့မှ ဥက္ကဋ္ဌလည်းဖြစ်သူ ရှေ့နေ ဦးခွန်နောင်က မဇ္စျိမကို ပြောသည်။
အသက် ၅၅ နှစ်အရွယ် ဦးမလိတန်ကို ဗန်းမော်ခရိုင် တရားရုံးက လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် ၅နှစ်၊ ဖောက်ခွဲမှု ၃ဖြင့် ၁ဝ နှစ်၊ ဖောက်ခွဲမှု ၄ ဖြင့် ထောင်ဒဏ်ရ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
“တကယ်တော့ သူ့ကို ထောင်ချလို့ မရဘူး။ ဘာကြောင့်လည်းဆိုတော့ အမှုစွဲတဲ့အခါ တရားခံပုံစံဖြည့်ရ တယ်။ အဲဒီမှာတောင် ဦးမလိတန် အသက် ၅၄နှစ် အမှတ်ကြီးကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဆိုပြီး ရေးထားတယ်။ အုပ်ချုပ်ရေးမှူး တစ်ယောက်ကို တရားစွဲပြီး ထောင်ချတယ်ဆိုတာက တရားမျှတမှု မရှိဘူး။ သူနဲ့ ရုံးသုံး ပစ္စည်းတွေ ပါတာ သိလျက်နဲ့ အစိုးရ စစ်တပ်က ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထုနဲ့ ဓါတ်ပုံရိုက်ယူပြီး တရားစွဲတယ်။ ဒါက တရားမျှတမှု လုံးဝ မရှိဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
လက်ရှိ ဦးမလိတန်သည် ဗန်းမော်ထောင်တွင် အကျဉ်းကျခံနေရသည်။ သူ့အား မတရား အမိန့်ချမှတ်မှုအပေါ် အယူခံ ဆက်လက် ဝင်သွားမည်ဟု ရှေ့နေ ဦးခွန်နောင်က ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဦးမလိတန်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်သည်ဟု ဆိုကာ ရွှေဂူမြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။
အစိုးရစစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေချိန် ၂ဝ၁၂ ခုနှစ် မေလ ၃ ရက်က အမတ်ကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမလိတန်က လုပ်ငန်းကိစ္စဖြင့် ရွာမှ အထွက် အစိုးရ၏ တပ်ရင်း ၁၂၁ တပ်ဖွဲ့များနှင့် တွေ့ဆုံကာ သူ့အား ရုံးသုံး တံဆိပ်တုံး၊ စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးကာ လမ်းပြအဖြစ်ခေါ်ဆောင် သွားခဲ့သည်။
ယင်းသို့ ဖမ်းဆီးသွားစဉ် အမတ်ကြီးကုန်းကျေးရွာမှ နှစ်မိုင်ခန့် အကွာအဝေး ကျောက်ချောင်းကွေ့အရောက် လမ်းတနေရာတွင် မိုင်းဗုံး ပေါက်ကွဲခဲ့ပြီးနောက် ဦးမလိတန်အား ဗုံးထောင်သူဟု ဆိုကာ ရိုက်နက်သဖြင့် ဘုန်းကြီးတစ်ပါးက ယင်းသို့ မနှိပ်စက်ဘဲ အမှုဖွင့် တရားစွဲရန် ပြောဆိုသဖြင့် ကျောက်ကြီး ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးခွန်နောင်က ပြောသည်။
“သူ့ကို ဗုံးထောင်တယ် ဆိုပြီး အစက လမ်းပြဆိုပြီး ခေါ်လာတာနောက်တော့ ကြိုးတုတ်၊ ရိုက်နက်ခေါ်သွား တယ်။ ကျောက်ချောင်းကွေ့ အကျော်က ရ မိုင်စခန်းဆိုတာ ရှိတယ်။အဲဒီမှာ သူတို့စစ်တပ်က ပါလာတဲ့ ဗုံး၊ ဝါယာကြိုးတွေကို ယူပြီး သူတို့ကို ဓါတ်ပုံရိုက်ယူပြီး တရားစွဲထားတယ်”ဟု ရှေ့နေ ခွန်နောင်က ပြောသည်။
၂ဝ၁၂ ခုနှစ် ဇွန်လက ဖမ်းဆီးခံရသော ကချင်စစ်ပြေးဒုက္ခသည် ၃ ဦးကိုလည်း ၂ဝ၁၄ခုနှစ် ဇွန်လ ၅ ရက်တွင် မြစ်ကြီးနားခရိုင် တရားရုံးက ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ၃ နှစ်မှ၁၄ နှစ်အထိ ထပ်မံ ချမှတ်ခဲ့သည်။ ၎င်းတို့ကိုလည်း ယခင် ချမှတ်ခဲ့သော မတရားအသင်း ဆက်သွယ်မှုနှင့် ဖောက်ခွဲမှုတို့ဖြင့် စုစုပေါင်း ၅ နှစ်မှ ၂၁ နှစ်အထိ ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။