ထိပ်သီးခေါင်းဆောင်များတွေ့ဆုံမည့်နေရာ ဇွန်လလယ်တွင် ဆုံးဖြတ်မည်

ထိပ်သီးခေါင်းဆောင်များတွေ့ဆုံမည့်နေရာ ဇွန်လလယ်တွင် ဆုံးဖြတ်မည်
by -
မဇ္စျိမ

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များတွေ့ဆုံမည့် နေရာအတိအကျကို တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဇွန်လအလယ်တွင် ဆုံးဖြတ်မည်ဟု အင်န်စီစီတီ ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက မဇ္ဈိမကို ဇွန်လ ၈ ရက်တွင် ပြောသည်။

အင်န်စီစီတီနှင့် အစိုးရတို့ အပစ်ရပ်စာချုပ်အပေါ် ဆွေးနွေးထားသည့် အချက်များမှ အင်န်စီစီတီက ဆုံးဖြတ်ချက် မချမှတ်နိုင်သည့်အရာများကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များက ဆွေးနွေးသုံးသပ်ရန် တွေ့ဆုံခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမည့်နေရာကို ရှမ်းပြည်မြောက်ပိုင်းတွင် ပြုလုပ်မည့် မီဒီယာအချို့တွင် ဖော်ပြနေသော်လည်း အင်န်စီစီတီကမူ မည်သည့်နေရာတွင် ပြုလုပ်မည်ကို အဆိုပါအစည်းအဝေးတွင်သာ ဆုံးဖြတ်မည်ဟု ဆိုသည်။

“ထိပ်သီးခေါင်းဆောင်တွေတွေ့မယ့် နေရာကို မဆုံးဖြတ်ရသေးပါဘူး။ အဲဒီအတွက် အင်န်စီစီတီက စည်းဝေးပြီး ဆုံးဖြတ်မယ်။ အဲဒီအစည်းအဝေးကိုတော့ ပြည်တွင်းမှာ ဖြစ်မလား ဒါမှမဟုတ် ချင်းမိုင်လား ဘယ်နေရာလဲဆိုတာ သေချာတော့ မသတ်မှတ်ရသေးဘူး” ဟု ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

၎င်းထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဇွန်လ နောက်ဆုံးအပတ်အတွင်း ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ရှမ်းပြည်မြောက်ပိုင်း မည်သည့်နေရာတွင် ပြုလုပ်မည်ကို အသေအချာမသိရှိသေးသော်လည်း ၎င်းအစည်းအဝေးတွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အပြီးသတ်ဆောင်ရွက်နိုင်ရန်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က မဇ္ဈိမကို ဆိုထားသည်။

ကေအင်န်ယူအနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ယခုနှစ် သြဂုတ်လ၁ ရက်တွင်ချုပ်ဆိုသွားမည်ဖြစ်ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများပါ ပါ၀င်အောင်ဆောက်ရွက်သွားမည်ဟု သမ္မတနှင့် ငါးကြိမ်မြောက် တွေ့ဆုံမှုအပြီးတွင် ပြောဆိုထားသည်။

လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ၁၄ ဖွဲ့နှင့် အပစ်ရပ်လက်မှတ်ရေးထိုး နိုင်ပြီးဖြစ်သည်။

Most read this week