အင်န်အယ်ဒီ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက် ညပိုင်းတွင် သေနတ်ဖြင့်ပစ်သတ် ခံခဲ့ရသည်ဟု ဟိုပုန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္စျိမကိုပြောသည်။
အသတ်ခံရသူမှာ သေနတ်သုံးချက်ပစ်ခံထားရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊ မိုင်းကျဉ်းကျေး ရွာမှ အင်န်အယ်ဒီပါတီ ရပ်ကျေး ဒုဥက္ကဌဖြစ်သည်။
"အသတ်ခံရတယ့်အကြောင်းရင်းကိုတော့စုံစမ်းနေတုန်းပါပဲ။ သူ့ဆီမှာရန်ငြိုး ရှိတယ့်သူလဲ မရှိပါဘူး၊ သူက လောလောဆယ်မှာ တပ်သိမ်းမြေ ကိစ္စတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေတာပါ" ဟု ဦးတင်မောင်တိုးက ဆိုသည်။
ဦးစိုင်းစံထွန်းသည် ဇွန် ၄ ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် လူနှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၅ရက် နံနက်ပိုင်းအထိ အိမ်သို့ ပြန်လည် ရောက်မလာခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ အိမ်နှင့်သုံးမိုင်ခန့် အကွာရှိလယ်ကွင်း၌ ဦးခေါင်းနောက်စေ့တွင်သေနတ်ဒဏ်ရာ သုံးချက်ဖြင့်သေဆုံးနေပြီး အလောင်းနံဘေး၌ ကျည်ခွံသုံးခုနှင့် လက်နှိပ်ဓာတ်မီး တစ်လက် တွေရှိခဲ့သည်ဟု ဦးတင်မောင်တိုးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က "အသတ်ခံရတဲ့ အကြောင်းရင်းကို သေချာ စုံစမ်းသိရှိပြီးတော့မှ ဘာဆက်လုပ်ရမယ် ဆိုတာကို ဗဟိုအဖွဲ့ချုပ် အနေနဲ့ဆုံးဖြတ်ချက်ချသွားမှာပါ။ လောလောဆယ်တော့ဘာမှ မပြောနိုင်သေးပါဘူး" ဟု ဆိုသည်။
အခင်းဖြစ်ပွားရာနေရာသည် RCSS ထိန်းချုပ်နယ်မြေဖြစ်ပြီး ခလရ ၂၄၉ တပ်ဧရိယာနှင့် သုံးမိုင်ခန့်အကွာ၊ ပအို့ဝ်ပြည်သူ့စစ် (KNO) နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု မိုင်းကျဉ်းဒေသ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါအမှုအားဟိုပုန်းမြို့မရဲစခန်းမှ အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက်စစ် ဆေး ဆောင်ရွက်လျက်ရှိသည်။