နှစ်နှစ်ကြာရပ်ထားသည့် ကျောက်စိမ်းတူးဖော်ခွင့်ကို ညွှန်ကြားချက်ရမှ လုပ်ကွက်သက်တမ်း တိုးပေးမည်

နှစ်နှစ်ကြာရပ်ထားသည့် ကျောက်စိမ်းတူးဖော်ခွင့်ကို ညွှန်ကြားချက်ရမှ လုပ်ကွက်သက်တမ်း တိုးပေးမည်
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရပ်နားထားသည့် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကို ပြည်ထောင် စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ရရှိမှသာလျှင် သတ္တုတွင်းဝန်ကြီးဌာနက ပြန်လည်ခွင့်ပြုပေးသွားမည်ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ဇွန် ၄ ရက် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး၌ ပြောကြားလိုက်သည်။

လုံးခင်း၊ ဖားကန့်နယ်မြေများတွင် KIO / KIA လက်နက်ကိုင်များနှင့် ပဋိပက္ခများပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မေလကုန်တွင် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကိုရပ်နားခဲ့ရသည်။ လုပ်ငန်း ရှင်များ အား စတင်ရပ်နားထားသည့်ကာလအတွက် သက်တမ်းတိုးမြှင့်ခြင်းလုပ်ငန်းများကို သမ္မတရုံးအမိန့်ကြော် ငြာစာဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။

“ဒီကိစ္စကို မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီက စိစစ်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိပါတယ်” ဟု ဒု-၀န်ကြီးက ပြောသည်။

တရားဝင် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများ ရပ်နားခဲ့သော်လည်း တရားမဝင် ကျောက်စိမ်းတူးဖော် မှုများမှာ ပိုမိုများလာပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးမှုများဖြစ်ပြီး တရုတ်နိုင်ငံစျေးကွက်ထဲကို အမေရိ ကန်ဒေါ်လာ သန်းချီသည့် တန်ဖိုးမြင့် ကျောက်စိမ်းများ ရောက်ရှိလျက် ရှိသည်။

ကုမ္ပဏီ လုပ်ကွက်များအတွင်းသို့ တရားမဝင် ၀င်ရောက်တူးဖော်ခြင်း၊ ဂိုဒေါင်များအတွင်းမှ ကျောက်စိမ်းရိုင်း များကို ခြိမ်းခြောက်လုယက်ခြင်း၊ အချို့သော လုပ်ကွက်များတွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အစောင့်အရှောက်ဖြင့် တူးဖော်ခြင်းနှင့် တရားမဝင်တူးဖော်ရာတွင် တရုတ်နိုင်ငံထုတ် လက်ကိုင်ဖောက် စက်များဖြင့် မြေစာများကို သယ်ယူရာတွင် လက်တွန်းလှည်းများကို အသုံးပြုသည့်အထိ လုပ်ဆောင်လျက် ရှိသည်ဟု အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ပြောသည်။

“တရုတ်နိုင်ငံကို မှောင်ခိုသွားတဲ့လမ်း ကြောင်းကနေထွက်နေတယ်။ ဟိုတလော က အတော်တန်ဖိုးကြီးတဲ့ ကျောက်စိမ်းတုံးက တရုတ်ပြည်ရောက်သွားပြီး ဒီမှာကျန်ခဲ့တဲ့ ကျောက်စိမ်းတုံးက တန်ဖိုး အဲဒီလောက်မရှိ ဘူး။ ဒါတွေ တအားနစ်နာတယ်” ဟု မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒေသခံများနှင့် အခြားဒေသများမှ တရားမဝင် ရေမဆေးကျောက်ရှာဖွေ သူများ ထောင်နှင့်ချီပြီး လုပ်ကွက်အတွင်း ကြိုတင်နေရာများရယူကာ ကျောက်ထွက်ရှိမှုအပေါ် မူတည်၍ မြေနေရာ ၁၀ ပေ ပတ်လည်တွင် ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၈၀ အထိ သက်မှတ်ရောင်းမှုများရှိသည်ဟု ဆိုသည်။

ဥပဒေမဲ့ တရားမဝင်ကျောက်စိမ်း တူးဖော်မှုများ အုပ်စုလိုက် ဆောင်ရွက်မှုများ ရှိသည့်အတွက် လုံးခင်း၊ ဖားကန့်ဒေသ၌ တရားဥပဒေစိုးမိုးရေးအဖွဲ့ကို သမ္မတရုံး၏ အမိန့်ညွှန်ကြားချက်ဖြင့် ဖေဖော်ဝါရီလအတွင်း က ဖွဲ့စည်းခဲ့ပြီး တရားမဝင် ကျောက်စိမ်းတူးဖော်သူများကို တားဆီးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ဖမ်းဆီးအရေးယူတဲ့အခါ ထိထိရောက်ရောက် အရေး ယူဖို့လိုတယ်။ အဲဒါမှ တန်ဖိုးမြင့် ကျောက်စိမ်းတွေ တရုတ်ပြည်ကို ထွက်မသွားနိုင်မှာဖြစ်တယ်” ဟု မဇ္ဈိမ ကိုပြောသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးရမိသည့် ကချင်ပြည်နယ် ဖားကန့်ဒေသခံ ရေမဆေးကျောက် ရှာဖွေသူ ၅၉၄ ဦးကို ရေမဆေးကျောက် ထပ်မံရှာဖွေတူးဖော်ခြင်းမပြုလုပ်ရန် အုပ်ချုပ်ရေးမှူးများထံတွင် ခံဝန်ကတိချုပ် ဆို ပြီး ပြန်လည်စေလွှတ်ခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်း ကချင်ပြည်နယ်၏ အခြားဒေသခံ ၃,၄၂၃ ဦး ဖမ်းဆီးမိခဲ့ပြီး မော်တော်ယာဉ်များဖြင့် တင်ဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စောင့်ရှောက်လျက် မိုးကောင်းဘူတာသို့ ပို့ဆောင်ပေးခဲ့ ပြီး နေရပ်သို့ ပြန်လွှတ်ခဲ့သည်။