တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထား မူကြမ်း ကို မြန်မာငြိမ်းချမ်းရေးစင်တာမှတစ်ဆင့် အစိုးရထံသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)က ဇွန် ၄ ရက်တွင် ပေးပို့လိုက်သည်။
“FDA အနေနဲ့ မတင်ဖြစ်တာက အဖွဲ့ဝင်တွေ အားလုံးဒီဟာ မပြင်မီမှာ မတွေ့ဖြစ်ခဲ့တာကြောင့် ပါတီကပဲ တင်လိုက်တာ အစိုးရဆီမှာတော့ သူတို့ရေးထားတာရှိမယ်။ ဒါပေမဲ့ အားလုံးပါ၀င်နိုင်ဖို့အတွက်ကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အကြံပြုဖို့ကိုလည်းပြောထားပါတယ်”ဟု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
အဆိုပါမူကြမ်းသည် အစိုးရထံသို့ နိုင်ငံရေးအင်အားစုများက ပထမဆုံးပေးပို့သည့် သဘောထားမူကြမ်း လည်းဖြစ်သည်။ ယင်းတွင် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါ၀င်သင့်သည့်အချက်များနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ဦးဆောင်ကျင်းပနိုင်မည့် ကော်မတီများ ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်းအကြံပြုထားသည်။
“တချို့နိုင်ငံတွေမှာ မူဘောင်မလုပ်တတ်တဲ့အခါကျတော့လေးလ၊ ငါးလ၊ တစ်နှစ်ကြာတာရှိတယ်။လူရှာ နေတာနဲ့ပဲ။ ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲမှာပါမယ့် state holders တွေကို သူတို့နဲ့အလွတ်သ ဘော တွေ့ဆုံဆွေးနွေးတာ။ သူတို့ဘက်ကဘာကိုထည့်မယ်။ မူဘောင်ကိစ္စကို အခုကတည်းက ဆွေးနွေးပြီးမှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အချိန်မနှောင်းဘဲ လုပ်နိုင်အောင်ရည်ရွယ်တာပါ”ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးအောင်နိုင်ဦး က ပြောသည်။
NDF ပေးပို့သည့် သဘောထားမူကြမ်းတွင် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ပေါက်လာရန်ဆောင်ရွက်မည့် ကော်မတီများကို ဖွဲ့စည်းရာတွင် လွှတ်တော်၊ တပ်မတော်နှင့် အစိုးရအစုအဖွဲ့တစ်ခု၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများနှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုကိုယ်စားပြု ကိုယ် စားလှယ်များ အစုအဖွဲ့ စသဖြင့် ဖွဲ့စည်းရန် အကြံပြုထားသည်။ အစုအဖွဲ့တစ်ခုလျှင် ကိုယ်စားလှယ် ၂၅ ဦးစီပါရန် အဆိုပြုထားသည်။