လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့ တာဝန်များကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန် လစာချီးမြှင့်ငွေနှင့် စရိတ်အလုံအလောက်ပေးသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမကို ပြောကြားသည်။
“လခနဲ့ စရိတ်ငွေကို ကိုယ်စားလှယ်တွေ သူတို့အလုပ်ကို ပီပီပြင်ပြင် လုပ်နိုင်ဖို့ အလုံအလောက်ပေးသင့်တယ်လို့ ထင်တယ်။ အန်တီတို့အတွက်တော့ ကိုယ့်မဲဆန္ဒနယ် ကော့မှူးကိုသွားရတာ သိပ်မခက်ဘူး။ တချို့ ကိုယ်စားလှယ်တွေကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ အဓိကကတော့ ကိုယ်စားလှယ်တွေဟာ ကိုယ့်တာဝန်ကို ပီပီပြင်ပြင်လုပ်နိုင်ဖို့ လစာနဲ့စရိတ် လုံလုံလောက်လောက် ပေးသင့်တယ်” ဟု ၎င်းက ပြီး ခဲ့သည့်သီတင်းပတ်အတွင်း မီဒီယာနှင့်တွေ့ဆုံစဉ် မဇ္ဈိမကို ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တို့ လက်ရှိရနေသည့် လစာငွေ ကျပ်သုံးသိန်းမှာ အစိုးရအရာရှိကြီးများအား လက်ဆောင်ပေးသည့် ကျပ်သုံးသိန်းထက်မပိုသော လက်ဆောင်ခြင်းတစ်ခြင်းစာမျှသာ ရှိနေသည်ဟု လူထုအတွင်း ပြောဆိုနေကြခြင်းနှင့် အဆိုပါအစိုးရအရာရှိကြီးများနှင့်ယှဉ်လျှင် လွှတ်တော်ကိုယ်စားလှယ်တို့ မည်သည့်အဆင့်အတန်းတွင် ရှိသင့်သည်ဟုထင်ပါသလဲဟု မဇ္ဈိမက မေးသည်။
ယင်းကို ဒေါ်အောင်ဆန်းစုကြည်က “လက်ဆောင်ခြင်းကိစ္စကတော့ အန်တီနည်းနည်းစဉ်းစားရခက်တယ်။ တစ်ခြင်းကို သုံးသိန်းထက် မပိုသင့်ဘူးဆိုတော့ ခြင်း ၁၀၀ ပေးလို့ရလား။ အဓိကကတော့ ကိုယ့်တာဝန်ကို သေသေချာချာ ကျေကျေပွန်ပွန် လုပ်နိုင်ဖို့ လုံလောက်တဲ့ လစာ၊ စရိတ်တွေ ပေးသင့်ပေမယ့် ကိုယ့်နိုင်ငံရဲ့ အခြေအနေကိုလဲ ပြန်ကြည့်သင့်တယ်” ဟု ဖြေသည်။
တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက“စရိတ်တွေ မလုံလောက်တာတော့ အမှန်ပဲ။ ဒါကြောင့် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး ထိုက်သင့်သလောက်ပေါ့။ အလွန်အကျွံ မဖြစ်တဲ့ လစာတွေတိုးပေးသင့်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတိုးနိုင်မန်းက “ပထမအလုပ်က သူ့မဲဆန္ဒ နယ်နဲ့ ချိတ်ဆက်လာရမယ့်အလုပ်၊ ဒုတိယကလွှတ်တော်အစည်း အဝေး တက်တဲ့အခါမှာ သူ့ မဲဆန္ဒနယ် မှာ သူ့ရုံးအဖွဲ့နဲ့ သူ့ကိုယ်စားလှယ်ကို ထားခဲ့ရမယ့်အလုပ်၊ နောက်တတိယအလုပ်က အုပ်ချုပ်ရေးအဖွဲ့ကို အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့အတွက် ကိုယ်ပိုင်ရုံးအဖွဲ့၊ သုတေသနအဖွဲ့လို အထောက်အကူပြုရုံးအဖွဲ့ လိုအပ်တယ်။ အဲဒါတွေ ပုံမှန်လည်ပတ်ဖို့ဆိုရင် အနည်းဆုံး သိန်း ၃၀ ရှိသင့်တယ်” ဟု ပြောသည်။
“နိုင်ငံတော်သမ္မတက လစာ ကျပ်သိန်း ၅၀၊ ပြည်ထောင်စုဝန်ကြီးက ကျပ်သိန်း ၃၀၊ ဒု-၀န်ကြီးတွေက ကျပ်သိန်း ၂၀ ဆိုတော့ ကွာခြားမှုက အဆတစ်ဆခွဲစီ လောက်ရှိတယ်။ လွှတ်တော်ဘက်မှာကျတော့ ဥက္ကဋ္ဌတွေက ကျပ် ၃၅ သိန်း၊ ဒု-ဥက္ကဋ္ဌနှစ်ပါးက ကျပ်သိန်း ၃၀၊ လွှတ်တော်အမတ် တွေက သုံးသိန်းပဲ ရှိ တယ်။ အဆပေါင်း ဆယ်ဆနဲ့အထက်ကွာနေပြီ” ဟု ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
“ကျွန်တော်ဖြစ်စေချင်တာက နိုင်ငံတော်သမ္မတက သိန်း ၅၀ ဆိုရင် ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးနဲ့ တရားသူကြီးချုပ်တို့ရဲ့ လစာကို အတူတူရှိသင့်တယ်။ ပြီးရင် တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်တွေရဲ့ လစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ အတူတူဖြစ်သင့်တယ်။ သူတို့တွေဟာ ပြည်ထောင်စုဝန်ကြီးတွေထက် တစ်ဆင့်မြင့်သင့်တယ်။ ဒါမှလဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်တွေ လုပ်နိုင်မှာပါ”ဟု လည်း ၎င်းက ဖြည့်စွက်ပြောသည်။
Protocol အရ တိကျသော အဆင့်တစ်ခုတွင် သတ်မှတ်ထားမှုရှိမှသာ နောင်တွင်လွှတ်တော်ကိုယ်စား လှယ်တို့က မဲဆန္ဒနယ် ပြည်သူတို့၏ အခက်အခဲတို့ကို ထိရောက်စွာဖြေရှင်းပေးနိုင်ခြင်း၊ ပြည်သူတို့၏ဆန္ဒကို အကောင်အထည်ဖော်နိုင်ခြင်းတို့အတွက် အာမခံချက်ရှိမည်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးများ၏ လုပ်ခ၊ လစာ ၊ စရိတ်များနီးပါး ရယူလိုခြင်း မဟုတ်သော်လည်း ကိုယ်စားလှယ်တို့၏ တာဝန်များကို အပြည့်အဝထမ်းဆောင်နိုင်ရန် ထိုက်သင့်မျှတသော လစာနှင့် စရိတ်များရရှိသင့်ကြောင်း ကိုယ်စားလှယ်အများစုက ဝေဖန် ပြောကြားကြသည်။