ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူအယောက် ၂ဝ ကို ခေတ္တထိန်းသိမ်း

ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူအယောက် ၂ဝ ကို ခေတ္တထိန်းသိမ်း
by -
မဇ္စျိမ

ထားဝယ်မြို့နယ်၊ ဆန်ချီရပ်ကွက်ရှိ လယ်သိမ်းဆည်းခံ လယ်သမားများကို ကုမ္ပဏီက ပေ၄ဝx၆ဝ မြေကွက်များ ပြန်လည်ပေးလျော်မှုကို လက်မခံနိုင်သည့် လယ်သမားများနှင့် ကုမ္ပဏီတာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ အငြင်းပွားကာ လယ်သမားအယောက်၂ဝကို ဇွန်လ ၃ရက် နံနက်က ထားဝယ်မြို့မ ရဲစခန်းတွင် ခေတ္တထိန်းသိမ်းခဲ့သည်ဟု လယ်သမားများနှင့် အခြားမြေယာအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မဇ္စျိမကို ပြာသည်။

"လယ်သမားတွေက အယောက် ၅ဝလောက် အလုပ်လုပ်နေကြတယ်၊ တာဝန်ရှိတဲ့ သူတွေက ပြန်ပေးတာ လက်ခံတာ ၅ယောက်လောက်ပဲရှိတယ်၊ ကျန်တယ်သူတွေက လုံးဝလက်မခံဘူး လက်ခံတဲ့သူတွေကို သူတို့ကကွက်ရိုက်တာ၊ လာရိုက်တဲ့သူတွေက သဘောမတူတဲ့သူတွေရဲ့ ကွက်တွေကိုပါ ကွက်လာရိုက်လို့ လယ်သမားတွေနဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ပြဿနာတက်တာပါ" ဟု ၎င်းကပြောသည်။

လယ်သမားများနှင့် ဒေသအာဏာပိုင်များ၊ ကုမ္ပဏီတာဝန်ရှိသူများ ဇွန်လ ၁ရက်မှ စတင်ကာ အငြင်းပွားမှုများ ဖြစ်ပွားနေပြီး ဇွန်လ ၃ရက် နံနက် ၈နာရီတွင် လယ်သမားများကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ထိန်းသိမ်းခံ လယ်သမားများသည် ညနေ ၄နာရီခွဲတွင် ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွတ်လာသည်ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထားဝယ်မြို့မရဲစခန်းမှ တာဝန်မှုးဦးမျိုးမြင့်ဦးက "လယ်သမားဦးကြည်ဝင်း အပါအဝင် အယောက်၂ဝက ဟန့်တားလို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားလို့ ခေါ်ယူစစ်ဆေးနေပါတယ်။ ကျွန်တော်တို့ဘက်က ဥပဒေနဲ့အညီ စစ်ဆေးမှာပါ၊ အာမခံရတဲ့ အမှုကိုတော့ အာမခံနဲ့လုပ်မှာပါဟု'' မဇ္စျိမကို ပြောသည်။

ဖြစ်စဉ်တွင် မေလ၁ရက်က ထားဝယ်မြို့ မြော်ကင်းလမ်းရှိ မြေဧက ၃ဝဝတွင် လယ်သမား အယောက်၅ဝခန့် လုပ်ကိုင်နေသော လယ်မြေများပေါ်တွင် S-22ဆောက်လုပ်ရေးကုမ္ပဏီနှင့် မြို့နယ်မြေတိုင်းဦးစီးဌာနက တာဝန်ရှိသူများက ပေ၄ဝ×၆ဝကွက်များ လာရောက်ရိုက်မှုရာမှ အငြင်းပွားမှု စတင်ခဲ့သည်။

ကုမ္ပဏီက မြေကွက်များ အကွက်ရိုက်၍ ပေးလျော်ရာတွင် လယ်မြေဧက ၃ဧကလျင် ပေ၄ဝx ပေ၆ဝ အကွက် များ ရိုက်၍ ပေးလျော်ခြင်းဖြစ်သည်။

ယင်းလယ်မြေတွင် လုပ်ကိုင်းနေသူဒေါ်ရွှစင်ယုက "ပြန်ပေးရင်လည်း အခုလက်ရှိ ကျွန်မတို့နေရာကို ပြန်ပေးမှာမဟုတ်ဘူး၊ သူတို့ချပေးတဲ့ နေရာမှာနေရမှာ မြေပြန်ပေးမှာ၊ ကျွန်မတို့မှာ အိမ်ဆောက်ဖို့လည်း ပိုက်ဆံမရှိဘူး၊ အဲလိုပြန်ပေးရင်လည်း စပါးပြန်စိုက်ဖို့က မြေကွက်မရှိဘူး၊ ဒါကြောင့် သဘောမတူလို့ လက်မှတ်မထိုးဘူး"ဟု ဆက်လက်ပြောသည်။

အဆိုပါလယ်မြေများတွင် လုပ်ကိုင်နေသည့် လယ်သမားများသည် လယ်ခွန်ပြေစာများဖြင့် နှစ်စဉ် အခွန်ဆောင် ၍ လုပ်ကိုင်နေကြပြီး၊ ၂ဝ၁၃ခုနှစ်တွင် လယ်ယာမှတ်ပုံအသစ် တင်မည်ဟု မြေစာရင်းဌာနသို့ သွားရောက်မှတ်ပုံတင်မှသာ မိမိတို့လယ်မြေများကို ၁၉၉ဝခုနှစ်က ကတည်းက သိမ်းဆည်းထားကို သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။

Most read this week