ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် လေးနှစ်ဗီဇာသက်တမ်း ကုန်ဆုံးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဗီဇာသက်တမ်းတိုးခ သတ်မှတ်ထားသည့် စျေးနှုန်းထက် နှစ်ဆများနေသဖြင့် အလုပ်သမားများ နစ်နာမှု ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌဦးအောင် ကျော်ကပြောသည်။
၂ဝ၁၃ ခုနှစ် သြဂုတ်လမှ စတင်၍ ဗီဇာ ၄ နှစ်ကုန်ဆုံးသော အလုပ်သမားများ အတွက် သက်တမ်း ၂ နှစ်တိုးမြင့်လိုက်ရာ ပုံမှန်အားဖြင့် ဘတ် ၃,ဝဝဝ(ကျပ် ၉ဝ,ဝဝဝ ဝန်းကျင်)မှ ဘတ် ၃,၇ဝဝ (ကျပ် ၁၁ဝ,ဝဝဝ ဝန်းကျင်)သာပေးသွင်းရန် သတ်မှတ်ထားသော်လည်းယခုဘတ် ၉၅ဝဝ (ကျပ် ၂၈၅,ဝဝဝ ဝန်းကျင်)မှ ဘတ်၁ဝ,ဝဝဝ (ကျပ် ၃ဝဝ,ဝဝဝဝန်းကျင်)အထိပေးသွင်းနေရသဖြင့် အလုပ်သမားများအတွက် မြန်မာအစိုးရ ထံထပ်မံတင်ပြသွားမည်ဟုသူကမဇ္စျိမကိုပြောသည်။
“ထိုင်းအစိုးရကနေ မြန်မာအလုပ်သမားတွေကို သက်တမ်း ၂ နှစ်ဗီဇာတိုးပေးနေပါတယ်။ သက်တမ်းတိုးတာကို ကျွန်တော််တို့ သေချာလေ့လာကြည့်လိုက်တဲ့အခါမှာ အမှန်တကယ် တရားဝင် ပေးသွင်းရမယ့် ငွေကြေးထက်ကို များစွာကျော်လွန်နေတာကို တွေ့ရတယ်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်နေတယ်။ ဒါကြောင့် မြန်မာအစိုးရကို လှမ်းအကြောင်းကြားဖို့ ရှိပါတယ်။ လောလောဆယ် အချက်အလက်တွေ စုဆောင်းနေပါတယ်”ဟု ဦးအောင်ကျော်က ပြောသည်။
ထိုင်းအစိုးရကတရားဝင် သတ်မှတ်ထားသော စျေနှုန်းမှာဗီဇာ ၂ နှစ် သက်တမ်းတိုးခ ဘတ်၅ဝဝ (ကျပ် ၁၅,ဝဝဝ ဝန်းကျင်)၊ သွေးစစ်ခ ဘတ် ၆ဝဝ (ကျပ် ၁၈,ဝဝဝဝန်းကျင်)၊ ရေလုပ်ငန်း လုပ်ကိုင်သူများ အတွက် အလုပ်လုပ်ခွင့် (work permit) ဘတ် ၁၉ဝဝ(၅၇,ဝဝဝဝန်းကျင်) စုစုပေါင်းဘတ် ၃ဝဝဝ (ကျပ် ၉ဝ,ဝဝဝ) ပေးသွင်းရန် ဖြစ်ပြီး ကုန်ခြောက်လုပ်ငန်းများ လုပ်ကိုင်သော အလုပ်သမားများ အတွက်မူ ဘတ်၃၇ဝဝ (ကျပ် ၁၁ဝ,ဝဝဝ) ပေးသွင်းရမည် ဖြစ်သည်။
အလုပ်သမားများသည် ထိုင်းဘာသာစကားနှင့် စာပေ ကျွမ်းကျင်မှု မရှိသလို၊ ထိုင်းအစိုးရကလည်း မြန်မာအလုပ်သမားများ ကိုယ်တိုင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိဘဲ အလုပ်ရှင်နှင့် အတူပူးပေါင်းလုပ်ရန် သတ်မှတ်ထားသဖြင့် ကုန်ကျငွေ ပိုမိုပေးနေရခြင်းသည် နှစ်ဖက်အစိုးရတွင် တာဝန်ရှိကြောင်း သူက ပြောသည်။
“အမှန်တကယ် အလုပ်ရှင်တွေ ကိုယ်တိုင်မလုပ်ဘဲ။ အေဂျင်စီလိုမျိုးတွေကို တခါထဲ အပ်လိုက်တာတွေလည်း ပါတယ်။ ထိုင်းအစိုးရဝန်ထမ်းတွေ အကျင့်ပျက် ယူတာတွေလည်း တွေ့နေရတယ်။ ဒါကြောင့် တင့်သင့်မျှတတဲ့ တရားဝင် စျေးနှုန်းတွေကို အလုပ်သမားတွေ ပေးချေနိုင်အောင် နှစ်ဖက်အစိုးရက စီစဉ်ပေးဖို့ လိုအပ်တယ်။”ဟု ဦးအောင်ကျော် ကဆက်ပြောသည်။
လက်ရှိ ၄ နှစ်ဗီဇာ ကုန်ဆုံးသွားသော အလုပ်သမားများ သက်တမ်းတိုးရန် ဘန်ကောက်မြို့ မဟာချိုင်ဒေသနှင့် စမွတ်ပကန်တို့တွင် ထိုင်းအလုပ်သမားရုံး ဖွင့်လှစ်၍ ထုတ်ပေးနေသည်ဟုသိရသည်။
အဆိုပါ ဗီဇာ ၂ နှစ်သက်တမ်း တိုးပေးနေသည့် သတ်မှတ်ထားသော စျေးနှုန်းထက် ပိုမိုပေးသွင်းနေရမှုသဖြင့် ငွေကြေးအခက်အခဲကြောင့် ပြုလုပ်နိုင်ခြင်း မရှိသေးဟု မြန်မာအလုပ်သမားတစ်ဦး ဖြစ်သူ ကိုမင်းမင်းကမဇ္စျိမကို ပြောသည်။
“အခုသက်တမ်းတိုးဖို့က တသောင်းကနေ၊ ၁ သောင်းနှစ်ထောင်ထိ ကောက်နေလို့ မလုပ်ရဲဘူး။ ကုန်ကျငွေ တအားများတော့ မဖြစ်နိုင်ဘူး။ တောမောမှာလည်း စာရွက်စာတမ်းအတွက် ရှင်းရတယ်ဆိုတော့ မလုပ်သေးဘူး။ ပုံမှန်က ၄ ထောင်ကျော်လောက်ပဲကုန်တာ။ အခုကထက်ဝက်ကျော်တောင်ပေးရတယ်ဆိုတော့ ကျွန်တော်က မြန်မာအစိုးရက ဘာလုပ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ဦးမယ်”ဟု ကိုမင်းမင်း ကပြောသည်။
မြန်မာအလုပ်သမားများအပေါ် ငွေကြေးကောက်ခံမှု များပြားနေသောသတင်းများ ကြားသိရသဖြင့် အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြထားပြီးမေလ ၃၁ရက်တွင် မြန်မာအလုပ်သမားဝန်ကြီးနှင့် ထိုင်းအစိုးရတို့တွေ့ဆုံဆွေး နွေးပွဲတွင် အဆိုပါ ကိစ္စကိုလည်း ဆွေးနွေးရန် စီစဉ်ထားသည်ဟုထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကပြောသည်။
“အန်ကယ်တို့လည်း အဲဒီလိုသတင်းကြားလို့ နေပြည်တော် အလုပ်သမားဝန်ကြီးရုံးချုပ်ကို ဆက်သွယ်ပြီး တင်ပြထားတယ်။ ဒါပေမဲ့ ထိုင်းဘက်ကနေ အဲဒီလိုကောက်တယ်ဆိုတာ တရားဝင် ဘာမှ ညှိနှိုင်းတာလည်းမရှိဘူး။ ခေါ်ယူပြီးတော့ ဆွေးနွေးတာလည်း မရှိသေးဘူး။ အဲဒါကြောင့်မလို့ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ လုပ်တာ။ သူကလည်း လာအိုဘက်ကို ခရီးသွားနေလို့လေ”ဟု သူက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်က မြန်မာအလုပ်သမား ဒုတိယဝန်ကြီးဦးထင်အောင်နှင့် ထိုင်းအစိုးရတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအခက်အခဲ၊ ပြဿနာများအပေါ် တစ်လတစ်ကြိမ် ဆွေးနွေးရန် သဘောတူထားသဖြင့် မေလ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။
ထိုင်းအာဏာသိမ်းမှုကြောင့် မြန်မာအလုပ်သမားများအပေါ် မူဝါဒပြောင်းလဲခြင်း မရှိသလို၊ သက်တမ်း ၂ နှစ် ဗီဇာတိုးမြင့်ပေးရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က အမိန့်ထုတ်ပြန်ထားသည်ဟု သူက ဆက်ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာ ၄ နှစ် သက်တမ်းတိုးနိုင်ရန်နှင့် ယာယီနိုင်ငံကူး လက်မှတ်အစား သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးသွားရန် မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့် မတ်လတတိယအပတ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ၂သန်းကျော် ရှိပြီးတရားဝင် ယာယီ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ထားသူပေါင်း ၁၇ သိန်းရှိကာထိုအထဲမှ ၄ နှစ်ဗီဇာကုန်ဆုံးသွားသူအလုပ်သမား၃ သိန်းခန့် ရှိသည်ဟုသိရသည်။