၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ပါပုဒ်မ ၄၃၆ကို ပြင်ဆင်လိုခြင်းရှိ၊ မရှိ ကျောက်ဆည်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ်များကို ကျောက်ဆည်မြို့ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက မေလ၂၂ ရက်တွင် စာရေးသားပေးပို့တောင်းဆိုလိုက်ကြောင်း တာဝန်ခံ ကိုသံမဏိက မဇ္ဈိမကို ပြောသည်။
“မဲဆန္ဒရှင်ပြည်သူတွေ ကိုယ်စားမေးတာပါ။ အကျပ်ကိုင်ပြီး တောင်းဆိုထားတာ မဟုတ်ပါဘူး။ သူတို့စိတ် ထဲဘယ်လိုရှိ တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းသိရှိဖို့ အတွက်ပါ။ ကျွန်တော်တို့က ပူးပေါင်းဆောင် ရွက်တဲ့ သဘောပါ။ သူတို့ဘက်က ပြည်သူတွေနဲ့ထိတွေ့ပြီး ရှင်းပြချင်တယ်ဆိုရင် ကျွန်တော်တို့က ဘောလုံးကွင်း တို့ ခန်းမတို့ မှာ တွေ့ဆုံစီစဉ်ပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
ကျောက်ဆည်မြို့၊ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်လိုခြင်းရှိ၊မရှိ ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုအား ရှင်းလင်းတင် ပြပေး ပါရန် ကျောက်ဆည်မြို့နယ် ပြည်သူ့ကိုယ်စားလှယ်လွှတ်တော်အမတ်များ ဖြစ်ကြသော ဦးသောင်း၊ ဦးဝင်းမောင်၊ ဦးအောင်မြင့်သန်းနှင့် ဦးသန်းစိုးမြင့်တို့အား ကျောက်ဆည်မြို့နယ် ပြည်သူများကိုယ်စား တောင်းဆိုထားသည်။
အဆိုပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေး ရန်ရှိမရှိနှင့် မပြင်ဆင်သင့်ဟု ပြည်သူများ တင်မြှောက်ထားသော လွှတ်တော်ကိုယ်စား လှယ်များက ခံယူထားသည်ဆိုပါက အဘယ်ကြောင့် မပြင်ဆင်သင့်ဆိုသည်ကို ရှင်းလင်းဖြေရှင်းပေးရန် ၈၈ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကတောင်းဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူက တင်မြောက်ထားသော လွှတ်တော်ကိုယ်စား လှယ်များအား ပုဒ်မ၄၃၆၊ ပြင်ဆင်လိုခြင်းရှိ၊ မရှိ တရားဝင်စာရေးသားတောင်းဆိုခြင်းမှာ ပထမဆုံးဖြစ်ကြောင်းဟု ၎င်းက ပြော သည်။
“ပြည်သူလူထုအတော်များများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ဂဃနဏ မသိကြဘူး။ မသိတော့ ဇဝေဇဝါ ဖြစ်နေတဲ့သူတွေလည်း အများကြီးရှိနေတယ်။ လုံးဝကို နားမလည်တဲ့သူတွေရှိတယ်။ ဒါကြောင့် ပြည်သူလူထုအားလုံး သိရှိအောင် ရှင်းပြမှုတွေလုပ်သွားမယ်။ ရွေ့လျားစနစ်နဲ့ တစ်အိမ်တက်ဆင်းလိုက်လံ ရှင်းပြပေးသွားမှာပါ။ ပြန်လှန်ဆွေးနွေးမှုတွေလည်းလုပ်သွားမယ်” ဟု ကိုသံမဏိက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များက ၂၀၀၈ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ သဘောထား ရှင်းလင်းတင်ပြမည့်ရက် ကို အမြန်ဆုံးသတ်မှတ်ပေးရန်နှင့် ထိုရက်တွင် ပြည်သူ လူထုတက်ရောက်ပါ၀င်နိုင်ရန် ၈၈မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စီစဉ်ဆောင်ရွက်ပေးသွားမည်။