ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာပြီး မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ရာ မုန်တိုင်းငယ်မှာ အဝါရောင်အဆင့်သာရှိ သော်လည်း နောက်နှစ်ရက်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဦးတည်နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
“ကမ်းနီး၊ ကမ်းဝေး သင်္ဘောတွေကိုတော့ မုန်တိုင်းအန္တရာယ် အသိပြောထားပါတယ်” ဟု အဆိုပါ ဌာန တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
မုန်တိုင်းအရှိန်ကြောင့် မေလ ၂၁ ရက် ညနေမှ နောင်သုံးရက်အတွင်း ပဲခူးတိုင်းတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်း မည်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းကျပြီး လှိုင်းကြီးပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်- မြေပြင်လေသည် တစ်နာရီ မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံ ဦးသန်းထွန်းက မုန်တိုင်းသတင်းနှင့် ပတ်သက်၍ “ မုန်တိုင်းသတင်း တော့ကြားတယ်၊ သေချာတော့ မသိသေးဘူး။ အခုတော့ ရာသီဥတုက သာသာယာယာပဲ၊ အပူချိန်တော့မြင့် တယ်။ ကမ်းနီးကမ်းဝေး ငါးဖမ်းတဲ့သူတွေကို သတိပေး ကြေငြာချက်တော့မကြားသေးဘူး” ဟု မဇ္စျိမကို ပြောသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ် တစ်ခု ဖြစ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ဦးထွန်းလွင်က မေလ ၂ဝ ရက်နေ့က ခန့်မှန်းခဲ့သည်။