လက်ပံတောင်းတောင်စီမံကိန်းပဋိပက္ခ ရဲနှစ်ဦးဒဏ်ရာရ၊ လုံခြံုရေးယာဉ်များ ပျက်စီး

လက်ပံတောင်းတောင်စီမံကိန်းပဋိပက္ခ ရဲနှစ်ဦးဒဏ်ရာရ၊ လုံခြံုရေးယာဉ်များ ပျက်စီး
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသရှိ ကျောက်ဖြူတိုင်ရွာနှင့် ဇီးတောရွာ ဟောင်းအနီးတွင် ဒေသခံတောင်သူ များနှင့် လုံခြုံရေးရဲတပ်ဖွဲ့များအကြား မေလ ၁၈ ရက် ညက ရုန်းရင်းဆန် ခတ်ဖြစ် ပွားခဲ့ရာ ရဲတပ်သားနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကားငါးစီးနှင့် ဆိုင်ကယ်များလည်း ပျက်စီး ခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးက အတည်ပြုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆား လင်းကြီးမြို့နယ်အတွင်းရှိ အဆိုပါစီမံကိန်း တွင် ယင်းနေ့ ည ၉ နာရီ ကျော်မှ စတင်ကာ နှစ်ဖက်ကြား တင်းမာမှုများဖြစ်ပွားခဲ့ရာမှ တစ်ဆင့် ပဋိပက္ခအသွင် ဖြစ်ပွား ခဲ့သည်။

“အမှတ်(၂၈)ရဲကင်းက ရဲတပ်သားနဲ့ ယင်းမာပင်ခရိုင်တပ်ဖွဲ့မှူးရုံးက ရဲတစ်ဦး ဒဏ်ရာတွေ တော်တော် များများ ရသွား တယ်”ဟု အဆိုပါဒေသတွင် လုံခြုံရေးရယူ ပေးနေသည့် အမည်မဖော်လိုသူရဲတပ်သား တစ်ဦး က ပြောသည်။

lapandaung

ဒေသခံတောင်သူများနှင့် စီမံကိန်း လုံခြံုရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ ရခြင်း သည် မေ ၁၈ ရက် နံနက်ပိုင်းက ကြေးနီစီမံကိန်းလုပ်ငန်းခွင် အတွင်းမှ တရုတ်နိုင်ငံသားနှစ်ဦး၊ မြန်မာ နိုင်ငံသားတစ်ဦးကို ဒေသခံ တောင်သူများ က ၀ိုင်းဝန်းထိန်းသိမ်းထားရာမှ စတင်ခဲ့ သည်။

ယင်းည ၁၀ နာရီခွဲတွင် အဆိုပါ ထိန်း သိမ်းခံ ကုမ်္ပဏီဝန်ထမ်းသုံးဦးနှင့် ပတ် သက်၍ ညှိနှိုင်းဖြေရှင်းရန် စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်း၊ အမှတ်(၉) ရဲတပ်ရင်းများစုမှူး(တပ်ရင်းစုမှူး) ရဲမှူးကြီး ၀င်းဗိုလ်၊ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်မိုးနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့လုံခြံုရေးအကူတပ်ခွဲ၊ တပ်ခွဲမှူး ရဲမှူး ဇော်ဝင်းအောင်တို့ ဦးဆောင်ကာ ရဲအင်အား ၃၀၀ ကျော်သည် ယင်းမာပင် ခရိုင်နှင့် ဆားလင်းကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့်အတူ ကျောက်ဖြူ တိုင်ကျေးရွာမှ ဇီးတောကျေးရွာဘက်သို့ သွား ရောက်ခဲ့သည်ဟု လုံခြံုရေးအဖွဲ့နှင့် လိုက်ပါသွားသူ ခရိုင် ထွေအုပ်ရုံးဝန်ထမ်း တစ်ဦးက ပြောသည်။

“ဇီးတောကျေးရွာဟောင်း ဘုန်းကြီး ကျောင်းတိုက်အနီးမှာ ဒေသခံတွေက ခဲတွေ၊ မီးတုတ်တွေ၊ လောက် လေးခွတွေ နဲ့ပစ်တယ်”ဟု ၎င်းင်းက ပြောသည်။

ယင်းသို့ ဒေသခံများက စတင်ပစ်လိုက် သည့်အတွက် ပြဿနာနှင့်စပ်လျဉ်းပြီး ညှိနှိုင်းဖြေရှင်းခွင့် မရခဲ့ ကြောင်းလည်း ၎င်း က ဆက်ပြောသည်။

လုံခြံုရေးတပ်ဖွဲ့များ စီးနင်းလာသည့် ယာဉ်များကိုလည်း ကျောက်ဖြူတိုင် ကျေးရွာစာသင် ကျောင်းဝင်း အတွင်း ထားရှိချိန် တွင် ဒေသခံရွာသားများ၏ လက်ချက်ဖြင့် ကားငါးစီးပျက်စီးခဲ့သည်ဟုလည်း စစ်ကိုင်း တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း က စွပ်စွဲ ပြောဆိုထားသည်။

ထို့ပြင် လုံခြံုရေးရဲတပ်ဖွဲ့များနှင့်အတူ လိုက်ပါသွားခဲ့သည့် မြို့နယ်ဖျန်ဖြေရေးအဖွဲ့ ၀င်များ၏ ဆိုင်ကယ် ၁၂ စီးကိုလည်း ရိုက် ချိုး ဖျက်ဆီးခံလိုက်ရကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးမှ သိရသည်။

ဆည်တည်းကျေးရွာဟောင်း ကျောင်း တိုက်ဆရာတော် ဦးစန္ဒာသီရိကမူ အဆိုပါ ပဋိပက္ခနှင့်ပတ်သက်၍ “အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း လိုက်နာမယ်လို့ ရွာသားတွေက ယုံကြည်ထားခဲ့ပေမယ့် ရဲအင်အား အလုံးအရင်းနဲ့ ရွာဘက်ကို လာ ရောက်ပြီး ၀ိုင်းထားတော့ ရွာသားတွေက စိုးရိမ်ခဲ့ကြတာပါ။ မီးခိုးဗုံးလား၊ မျက်ရည်ယို ဗုံးလားတော့မသိဘူး အဲဒီ ဗုံးတွေနဲ့ ရဲတွေ က အလုံးပေါင်းများစွာ ရွာသားတွေဘက်ကို ပစ်တယ်” ဟု မိန့်သည်။

အဆိုပါပဋိပက်္ခဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဖက်ကြားဖြေရှင်းဆောင်ရွက်ရန် စီမံ ကိန်းအတွင်းရှိ ဆက်ဆံ ရေးရုံး တွင် မေ ၁၉ ရက် ညနေ ၃ နာရီက တိုင်းအစိုးရ အဖွဲ့နှင့် ဒေသခံများ တွေ့ဆုံဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဥပဒေရုံးမှ ဥပဒေအရာရှိ တစ်ဦးက ““အခု နိုင်ငံခြားသားကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိစ္စဟာ ဓားစာခံ အဖြစ် ခေါ်ထားတာဖြစ်တဲ့ အတွက် နိုင်ငံတကာ ဥပဒေအရကြည့်ရင် သိပ်ကို အန္တရာယ်များ ပါတယ်။ ဒါ့ကြောင့် ပြန်လွှတ်ပးစေချင် တယ်””ဟု သုံးသပ်ပြောဆိုသည်။

သို့သော်စီမံကိန်းဒေသရှိ တုံရွာမှ မစန္ဒာကမူ လျော်ကြေးမယူသည့် တောင်သူ ၃၇ ဦး၏ မြေယာများအပေါ် ယခုကဲ့သို့ ၀င်ရောက်ခြံခတ်ခြင်းကို လက်မခံနိုင် ကြောင်းနှင့် ဥပဒေပုဒ်မများကိုလည်း နားမလည် ကြောင်း တုံ့ပြန်ပြောဆိုသည်။

နောက်ဆုံးရသတင်းများအရ မေ ၁၉ ရက် ညနေ ၆ နာရီကျော်တွင် ဒေသခံ များက ထိန်းသိမ်းထား သူများကို ပြန်လွှတ် လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့က အတည်ပြုသည်။