အစိုးရနှင့် ကေအိုင်အိုတို့ ယခင် သဘောတူညီထားသည့် အချက်များကို ထိန်းသိမ်းရန် အားနည်းသောကြောင့် လက်ရှိအချိန််တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က မေ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ဗိုလ်ချုပ်ဂွန်မော်က မေ ၁၅ ရက်တွင် မြစ်ကြီးနားမြို့ ကေအိုင်အိုအလုပ်အဖွဲ့ရုံး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ဂွန်မော်က “တိုက်ပွဲတွေ ဘာဖြစ်လို့ ဖြစ်သလဲလို့မေးရင် ဖြစ်ရတဲ့အကြောင်းတွေ တော်တော်များပါ တယ်။ ဘာလို့ဖြစ်သလဲလို့ ပြောတယ်ဆိုရင် ကျွန်တော်တို့ မြစ်ကြီးနား ဆွေးနွေးပွဲမှာ ပြောတဲ့ အရင်နှစ်ဖက် သဘောတူညီချက်တွေကို ထိန်းသိမ်းဖို့ နှစ်ဖက်စလုံးမှာ အားနည်းလို့ ဖြစ်တယ်လို့ပဲ ပြောရမှာပါ။ အသေးစိတ်အချက်တွေ ပြောရင် တစ်ဖက်နဲ့ တစ်ဖက် အပြစ်တင်တဲ့ ပုံစံမျိုး ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြောနေတာက ထိန်းသိမ်းမှုအားနည်းလို့ ဖြစ်တယ်။ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ဖြစ်ပါတယ်”ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက အစိုးရနှင့် ကေအိုင်အိုတို့ တွေ့ဆုံရာတွင် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန်နှင့် စောင့်ကြည့်ကြီးကြပ်မှုများ ပြုလုပ်ရန် အချက် ၁၈ ချက် သဘောတူညီထားခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးသော်လည်း အောက်တိုဘာ နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု များလာသောကြောင့် တိုက်ပွဲအရှိန်လျှော့ချရေးကို ဦးတည်ကာ အစိုးရငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့တို့ မေ ၁၃ ရက်တွင် မြစ်ကြီးနားးမြို့၌ တွေ့ဆုံ ဆွေးနွေးပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်။
ယင်းအဖွဲ့တွင် အစိုးရနှင့် ကေအိုင်အိုဘက်မှ တစ်ဖက် ငါးဦးစီ ပါ၀င်မည်ဖြစ်ပြီး မေ ၂၀ နှင့် ၂၁ တွင် မြစ်ကြီးနား၌ တွေ့ဆုံ၍ လုပ်ငန်းစဉ်များ ချမှတ်မည်ဖြစ်ကာ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အရှိန်လျှော့ချရေးကို မည်မျှအထိ လုပ်ဆောင်နိုင်မည်နည်း ဆိုသည်နှင့်ပတ်သက်၍ ဗိုလ်ချုပ် ဂွန်မော်က “ဒီကော်မတီက ဘယ်လောက် ထိန်းချုပ်နိုင်မလဲဆိုတာကတော့ ၁၀ ဦး ကော်မတီကို နှစ်ဖက်က လုပ်ငန်းစဉ်တွေ ပေါ်မှာ ဘယ်လောက်ထိ တာဝန်ယူနိုင်စေမလဲ။ ပြီးတော့သူတို့ရဲ့ဖြေရှင်းမှုကို နှစ်ဖက်က ဘယ်လောက်လက်ခံမလဲဆိုတဲ့ အပေါ်မှာ အဓိကကျပါတယ်။ ကျွန်တော်တို့သေချာ စနစ်တကျလုပ်ကြည့်မှပဲ အဖြေပေါ်ပါမယ်”ဟု ဆိုသည်။
လက်ရှိတွင် အစိုးရစစ်တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး မြစ်ကြီးနားတွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အချိန်တွင်ပင် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေသည်။
ယင်းသို့ တိုက်ပွဲများဖြစ်ပွားနေခြင်းသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ထိခိုက်မှုရှိနိုင်သည်ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုလိုက်ပြီး သြဂုတ်မတိုင်မီ လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေသည်ဟုလည်း ဆိုသည်။
“တိုက်ပွဲတွေဖြစ်တဲ့အခါမှာ ကျွန်တော်တို့ သွားနေတဲ့အရှိန်က နှေးသွားတယ်။ နှေးသွားရင် ထိခိုက်နိုင်ပါတယ်။ အဲဒီတော့ သြဂုတ်လလို့ပြောတာ မဟုတ်ဘဲ အတတ်နိုင်ဆုံး မြန်အောင် ကြိုးစားနေတယ်။ NCCT (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့)ကလည်း နောက်တစ်ကြိမ် NCCT တစ်ဖွဲ့လုံးနဲ့ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ)နဲ့ တွေ့တဲ့ အခါမှာ singal text (အပစ်ရပ်မူကြမ်း တစ်ခုတည်း) မူကြမ်းကို အပြီးသတ် ဆွေးနွေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေတာဖြစ်ပါတယ်”ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။
လက်ရှိတွင် အပစ်ရပ်မူကြမ်း တစ်ခုတည်းအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ ရန််ကုန်တွင် မေ ၂၁ နှင့် ၂၂ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ အဆိုပါမူကြမ်းကို ရေးဆွဲပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံကလည်း စိတ်ပါ၀င်စားမှု ရှိနေသည်ဟု ဗိုလ်ချုပ်ဂွန်မော်၏ ဧပြီလအတွင်း သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“အမေရိကန်ခရီးစဉ်မှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်တစား ရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ပါ၀င်ချင်တဲ့ ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ တကယ်ပါ၀င်နိုင်ဖို့ ဆိုတာကတော့ တိုင်းရင်းသားများဘက်ကရော အစိုးရဘက်ကရော သဘောတူ ဖိတ်ခေါ်ပြီးမှ ပါ၀င်နိုင်မှာပါ။ သူတို့ကတော့ မြန်မာနိုင်ငံရဲ့ အရေးကို စိတ်ဝင်စားတယ်”ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။
အစိုးရနှင့် ကေအိုင်အေတို့၏ တိုက်ပွဲများ ဖြစ်ပွားနေမှု အရှိန်လျှော့ချရေးကို ဦးတည်သည့် ဆွေးနွေးပွဲကို မေ ၁၃ ရက်က မြစ်ကြီးနားတွင် ကျင်းပခဲ့ပြီး အစိုးရနှင့် ကေအိုင်အိုတို့သည် နှစ်ဖက် သဘောတူညီချက်များကိုလည်း လက်မှတ် ရေးထိုးခဲ့သည်။
အဆိုပါသဘောတူညီချက်များတွင် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရန်၊ နှစ်ဖက်တွင် ပြဿ နာများ ဖြစ်ပွားလာပါက အလျင်အမြန် ဖြေရှင်းရန်၊ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို တစ်ဖက်လျှင် ငါးဦးစီဖြင့် ဖွဲ့စည်းသွားရန်၊ ယင်းနောက် စောင့်ကြည့် ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းရန်ဖြစ်ပြီး ယင်းသို့ ဖွဲ့စည်းပြီးပါကလည်း ညှိနှိုင်းရေးအဖွဲ့ ဆက်လက်ထားရှိရန်တို့ ပါ၀င်သည်။