ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတပ်တို့အကြား ပဏာမ အပစ်အခတ်ရပ်စဲပြီးနောက် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်လျက်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်လိုက်သည်။
၂၀၁၄ ခုနှစ်၊ မေလဟု ရက်စွဲတပ်ထုတ်ဝေထားသည့် ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူးပြောင်းခြင်း ဟူသည့် စစ်တမ်းကို မီဒီယာလိုက်ဘရီတွင် မေ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ် ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှဒေသများမှာ ဘားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ မကွေး-ထားဝယ်၊ ညောင်လေး ပင်၊ တောင်ငူ၊ သထုံမြို့များရှိ ကရင်လူထုများသည် ပဋိပက္ခဖြစ်ပွားစဉ် ကာလအတွင်း လူ့ အခွင့်အရေး ချိုး ဖောက်မှုများ ခံစားခဲ့ရသည် ဟု KHRG - Karen Human Rights Group စစ်တမ်းက ဖော်ပြသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီ ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် တပ်မတော်က အရပ်သားများအပေါ်တိုက် ခိုက်ခြင်း၊ အဓမ္မဖမ်းဆီးထိန်းသိမ်းထားခြင်း၊ အဓမ္မအခွန်ကောက်ခံခြင်းနှင့် ငွေကြေးတောင်းခံခြင်း၊စစ်စခန်း များ တည်ထောင်ရန်၊ ရွာသားများ၏ လယ်မြေများကို ယာယီ သို့မဟုတ် အမြဲတမ်းသိမ်းယူခြင်း၊ မြေမြှုပ် မိုင်း ဖောက်ကွဲမှုများနှင့်၊ လက်နက်ကိုင်အဖွဲ့များက မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများကို KHRG ကတွေ့ရှိ ခဲ့သည်ဟု ဆိုသည်။
“မူးယစ်ဆေးဝါး ရာဘဆိုရင် ဘားအံ နဲ့ ဖာပွန်မှာ အများဆုံးပဲ၊ လက်နက်ကိုင်နဲ့ စီးပွားရေးသမားနဲ့ပေါင်းပြီး မြေသိမ်းမှုတွေလည်း ဆက်ဖြစ်နေတယ်”ဟု KHRG ၏ မူဝါဒပိုင်းဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေး စီမံအုပ်ချုပ် ရေးမှူး နော်ခူးခူးဂျုးက ဆိုသည်။
ပြည်တွင်းစစ်ဖြစ်ပွားသည့် ကာလများကဲ့သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ရခြင်း၊ ဒေသခံများ သွားလာရလွယ် ကူလာခြင်းသည် ကောင်းသောပြောင်းလဲမှုဖြစ်ပြီး ကရင်တိုင်းဒေသများတွင် ဆက်ဆံရေးရုံး ခြောက်ခု ဖွင့် လှစ်နိုင်ခြင်း၊ တပ်များအကြား ကန့်သတ်နယ်မြေထားခြင်းကြောင့် တိုက်ခိုက်မှုတွေ လျော့နည်းလာခြင်း စသည့် ကောင်းကျိုးများရှိသည်ဟု အဆိုပါအဖွဲ့မှ မူဝါဒပိုင်းဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေး အရာရှိ စောဝေ လေးက ပြောကြားသည်။
စိုက်ပျိုးရေး၊ ဆည်၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် မြေသိမ်းခံရပြီး ဒေသခံလူငယ်အများစုမှာ ပြည်ပ နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရောက် အလုပ်လုပ်ကိုင်နေရသည်ဟုလည်း ၎င်းကဆိုသည်။ ကရင်တိုင်းဒေသ ခုနစ်ခုလုံးရှိ ရွာသားများသည် တပ်မတော်၊ နယ်ခြားစောင့်တပ်၊ အစိုးရအရာရှိ၊ ရဲတပ်ဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ DKBA၊ KPF စသည့်အဖွဲ့များ၏ အခွန်ကောက်ခံခြင်းများနှင့် စစ် တပ်နှင့် ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားရာတွင် အခွန်ကောက်ခံခြင်းများလည်း ရှိသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် အခြေစိုက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက်နှစ် ကြိမ် လျာထားခံခဲ့ရသည့်အဖွဲ့ ဖြစ်သည်။