ဘွဲ့ရအလုပ်လက်မဲ့များ စိုက်ပျိုးမွေးမြူးရေးလုပ်ကိုင်မည်ဆိုပါက မြေနေရာနှင့် ချေးငွေထုတ်ပေးမည်ဟု မန္တလေးမြို့ရှိ ရွှေပြည်သာ ဟိုတယ်၌ မေလ ၁၁ရက်က ပြုလုပ်သော လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က ပြောသည်။
အဆိုပါ လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူငယ်ကိုယ်စားလှယ်များနှင့် စိတ်ပါ၀င်စားသူလူငယ်များ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက “ဘွဲ့ရအလုပ်လက်မဲ့တွေနဲ့ ပတ်သက်ပြီး ပညာတတ်တွေကို စိုက်ပျိုး ရေး မွေးမြူရေး လုပ်စေချင်ပါတယ်။ ပညာတတ်တွေလုပ်ရင် ပိုအောင်မြင်ပါတယ်။ အသင်းအဖွဲ့ တွေဖွဲ့ပြီး လုပ်ကိုင်မယ်ဆိုရင် မြေတွေ ချပေးသွားမှာဖြစ်ပြီး ချေးငွေတွေလည်း ထုတ်ချေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
တက်ရောက်လာသော အသင်းအဖွဲ့များမှ လူငယ်များသည် ယခုလို ဖိုရမ်မျိုးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခွင့်ရသောကြောင့် အလွန်ပင်တန်ဖိုးရှိကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းကို ကိုယ်တိုင်ဖန်တီးယူသည်က ကောင်းကြောင်း ၀န်ကြီးများက ယခုလိုလမ်းညွှန်ပေးခြင်းကို ကြိုဆိုကြောင်း၊ လူငယ်များကလည်း အမှန်တကယ်မြေယာများ ချပေးပြီး ချေးငွေများ ထုတ်ပေးလျှင် ဘွဲ့ရလူငယ်များ စုစည်းပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် စီစဉ်သွားမည်ဟု တက်ရောက်လာသော ဘွဲ့ရလူငယ်တစ်ဦး ဖြစ်သူ ကိုမျိုးကိုကိုနိုင် က ပြောသည်။
ယင်းလူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် ပွဲတွင်၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တိုင်းရင်းသားအရေးများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “၂၀၀၈ ဖွဲ့စည်းပုံက ကျွန်တော်တို့ပိုင်တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ကိုပိုင်တာ ပြည်သူသန်း ၆၀ ကျော်က ပိုင်တာပါ။ သန်း၆၀က တောင်းဆိုရင် ပြင်ပေးမယ်။ တည်မြဲနေတဲ့ ဥပဒေဆိုတာ မရှိပါဘူး။ လွှတ်တော်ကလည်း ပြင်ဆင်ဖို့ဆောင်ရွက်နေတယ်။ အစိုးရအဖွဲ့ကလည်း ပြင်သင့်ပြင်ထိုက်တာကို ပြင်ဖို့ လုပ်နေပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် လူငယ်များနှင့်ပတ်သက်ပြီး နည်းပညာ၊ အသိဉာဏ်၊ အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ လူငယ်ကိုယ်စားပြုဖိုရမ်များ များများပြုလုပ်ရန်လိုကြောင်း၊ ထို့ပြင်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို သိလာမည့်အပြင် နိုင်ငံရေးအရွေ့များကိုလည်း မီအောင်လိုက်နိုင်မည်ဖြစ်ကြောင်းနှင့် လူငယ်အချင်းချင်းလည်း ပိုမိုရင်းနှီးလာပြီး ချိတ်ဆက်လုပ်ကိုင်သွားနိုင်မည်ဟု တက်ရောက်လာသော လူငယ် ကိုကိုလင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဘွဲ့ရထားသော်လည်း အလုပ်အကိုင်အခွင့်အလမ်းများမရှိခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်နေသူ များစွာရှိနေကြောင်း သိရသည်။