ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်များရှိ စာသင်ကျောင်းများကို ဒီနှစ်ကျောင်းဖွင့် ရာသီတွင်လည်း ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်ဟု ကချင်ပြည်နယ် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထူးမြင့်က မဇ္ဈိမကို ပြောသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်ရှိ စာသင်ကျောင်းများကို ယခုနှစ်အပါအဝင် သုံးနှစ်ဆက်တိုက် ပိတ်ထားရသည်။
“နယ်မြေငြိမ်းချမ်းပြီးKIA နဲ့ အစိုးရ ငြိမ်းချမ်းရေးရပြီဆိုရင်တော့ ကျောင်းတွေ ပြန်ဖွင့်နိုင်မှာပါ။ အဓိကငြိမ်းချမ်းရေးမရသေးလို့ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးတာပဲ”ဟု ညွှန်ကြားရေးမှူး ဦးထူးမြင့်က မဇ္ဈိမကို ပြောသည်။
အချို့ကျေးရွာများတွင် နယ်မြေတည် ငြိမ်မှုများမရှိသည့်အတွက် မိသားစုလိုက်ရွာကို ပြန်မလာသောကြောင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်သေးဟုဆိုသည်။ ကချင်ပြည်နယ်တွင် စစ်ပွဲများကြောင့် ကျောင်းမတက်နိုင်သော ကျောင်းနေအရွယ်ကလေးငယ်များ ၄၀,၀၀၀ ခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ကလေးငယ်များကို စာသင်ပေးရာတွင်လည်း ကျောင်းသုံးသင်ထောက်ကူ ပစ္စည်းများ လိုအပ်နေသည်ဟု ၂၀၁၃ခုနှစ်၊ ဇွန်လ ၉ ရက် ကချင်စစ်ပွဲများ နှစ်နှစ် ပြည့်အခမ်းနားတွင် ကချင်ငြိမ်းချမ်း ရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။
“ဗန်းမော်မြို့နယ်ထဲမှာလည်း မဖွင့်နိုင်တဲ့ စာသင်ကျောင်းတွေရှိတယ်။ ကျောင်းမှာ ခြံုတွေတက်ပြီး တော တွေထနေပြီ။ ကချင်ပြည်နယ်ထဲက တိုင်းရင်းသားဒေသခံတွေရဲ့ ဘဝက တကယ့်ကိုမလွယ်ပါဘူး။ အမြဲ တမ်း ကျီးလန့်စာစားဖြစ်နေတယ်။ အမြန်ဆုံး တည်ငြိမ်စေချင်ပြီ။ အေးချမ်းစေချင်ပြီ။ ကလေးတွေလည်း ကျောင်းပြန် တက်စေချင်ပြီ” ဟု ကျောင်းသားမိဘ ဗန်းမော်ဒေသခံဦးဝင်းအောင်က ဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ဘေးကြောင့် စာသင်ကျောင်းများအရေအတွက် မည်မျှပိတ်ထားမည်ကို စာရင်း အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသေးဟုဆိုသည်။
ဒီနှစ် ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်မည့် အရေအတွက်နှင့် ဆက်လက်ပိတ်ထားမည့် ကျောင်းများကို ထုတ်ပြန်ပေးနိုင်မည်ဟု ဦးထူးမြင့်က ဆိုသည်။
ကချင်ပြည်နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း အပါအဝင် စုစုပေါင်း ၁,၄၂၄ ကျောင်းရှိပြီး မြန်မာအစိုးရနှင့် ကေအိုင်အေ ၂၀၁၁ ခုနှစ်၊ ဇွန်လ တိုက်ပွဲများဖြစ်ပွားပြီးနောက် နှစ်နှစ်ကျော် ပိတ်ထားခဲ့ပြီးဖြစ်သည်။
၂၀၁၄ ခုနှစ်၊ ဧပြီ ၁၀ ရက်မှ ၁၈ ရက်အထိ အစိုးရတပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။မေ ၁၃ ရက်တွင် မြစ်ကြီးနားမြို့တွင် ဆွေးနွေးနိုင်ရန် နှစ်ဖက်တာဝန်ရှိသူများ သဘောတူညီ ထားသည်။