အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ စျာပန အခမ်းအနားကို ဧပြီလ ၂၃ရက်က မြောက်ဥက္ကလာရှိ ရေဝေး သုဿန်တွင် နေ့လည် ၁၂နာရီမှ ညနေ ၄နာရီ ခွဲအထိ ပြုလုပ်ခဲ့ရာ လူဦးရေ သောင်းနှင့်ချီလာရောက်ခဲ့သည်။
စျာပနအခမ်အနားတွင် ဆရာကြီး ဦးဝင်းတင်၏ မိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ပါအဝင် နာယက၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ပါတီဝင်များ၊ နိုင်ငံရေးသမားများ ၊ ပြည်သူလူထုများ လာရောက် ဂါရဝပြုခဲ့သည်။
ယင်းနောက် ညနေ ၅နာရီတွင် ဦးဝင်းတင်၏ ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုလ်ကာ စျာပန အခမ်းအနားကို အဆုံးသတ်ခဲ့သည်။
သတင်းစာဆရာကြီး ဦးဝင်းတင်၏ စျာပနအခမ်းအနားသို့ လာရောက်သည့် နိုင်ငံရေးအသိုင်းမှ ပုဂ္ဂိုလ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သူအချို့၊ ရှေ့နေနှင့် ပြည်သူအချို့ကို မဇ္စျိမက မေးမြန်းခဲ့သည်များကို ကောက်နှုတ်တင်ပြလိုက်သည်။
ဦးဉာဏ်ဝင်း (NLD ဗဟိုအလုပ်အမှုဆောင်)
“ဘဘ ကွယ်လွန်သွားတာက ကြီးမားတဲ့ ဆုံးရူံးမှုလို့ အန်ကယ်တို့ ပြောလို့ရတယ်။ NLD နဲ့ ဘဘဦးဝင်းတင်တို့ သဘောထား ကွဲလွဲတာက အဲဒါက သဘာဝပါပဲ။ မရှိဘူးလို့ မပြောလိုဘူး ဒါပေမယ့် ကောင်းမွန်တဲ့ဆက်ဆံမှု ပြန်ရတယ်"
ဦးကိုကိုဇော် (ဒုဥက္ကဌ- NLD မော်လမြိုင် ခရိုင် )
“ ကျွန်တော်တို့က ၈၈ခုနှစ်ထဲက ပါတီထဲမှာ လုပ်လာတော့ သူနဲ့ကြံုဖူးပါတယ်။ ဘဘ ၈၉ခုနှစ် ထောင်မကျ ခင်ထဲက NLD ရုံးချူပ်မှာ ဆုံခဲ့ဖူးတယ်။ ပြန်လွှတ်လာပြီးတဲ့နောက် ဘားအံကို သူလာတယ်။ သူနဲ့စကားတွေ ပြောဖြစ်ပါတယ်။ ရှေ့ဆက်သွားတဲ့ လုပ်ငန်းစဉ်တွေမှာ ဘယ်လိုစိတ်ဓာတ်ထား သင့်တယ်ဆိုတာကို သင်ပေးသွားပါတယ်။ ဒီနေ့ သူခံယူထားတဲ့ တိုက်ပွဲက မပြီးဆုံးသေးဘူးလို့ သူ့ကိုယ်သူ ယူဆထားတယ်။ မပြီးဆုံးသေးခင် ဘဝတပါးကို ပြောင်းသွားတော့ သူမျှော်မှန်းခဲ့တဲ့ ရည်ရွယ်တဲ့ လုပ်ငန်းတာဝန်တွေ က မပြီးဆုံးသေးတော့ ဒါတွေကို ကျွန်တော်တို့က လက်ဆင့်ကမ်းပြီးဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်"
ကိုသောင်းဒန် (လှည်းကူးမြို့နယ် NLD ပြန်ကြားရေး တာဝန်ခံ)
“ဘဘဦးဝင်းတင် ဆုံးသွားတာက ကျွန်တော်တို့ ပြည်သူတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ သူ့လိုလူမျိုး ကျွန်တော်တို့ နိုင်ငံမှာ အစားပြန်ရနိုင်မယ်လို့ မထင်ပါဘူး"
ဦးအောင်ကြွယ်
(ဦးဝင်းတင်နှင့် သတင်းစာတိုက်များတွင် အတူလုပ်ဖူးသူ၊မြန်မာနိုင်ငံစာရေး ဆရာအသင်းဝင်)
“ကျွန်တော်က သူနဲ့က လုပ်သားနေ့စဉ် သတင်းစာမှာထဲက လုပ်ဖော်ကိုင်ဖက်ပါ။ အရေးအခင်းဖြစ်တော့ ကြေးမုံကိုရောက်တော့ သူက အယ်ဒီတာချူပ်လုပ်နေတာ။ ပြောသလောက် တည်တယ်။ တည်သလောက် လုပ်တယ် အဲဒါသူဘဲ။ သူ့ရဲ့ အကျင့်ပဲ"
ဦးကိုနီ (တရားရုံးချုပ် ရှေ့နေ)
“သူ့ကို သံမဏိစိတ်ဓာတ်ပိုင်ရှင်လို့ ပြောတာက တင်စားပြောကြရတာပါ။ တကယ်က သူ့လောက် စိတ်ဓာတ်ခိုင်မာတဲ့လူ၊ သူ့အပေါ်ကို ရက်ရက်စက်စက် လုပ်ခဲ့တာကိုတောင် အာဏာတနဲ့ မတုန့်ပြန်ဘဲ တိုင်းပြည်အတွက် ဆိုတဲ့ စိတ်နေစိတ်ထားနဲ့ တုန့်ပြန်ခဲ့တဲ့လူ။ဒီလို အဖိုးဖြတ်လို့မရတဲ့ လူကြီးတယောက် ကွယ်လွန်သွားတာက မိသားစုအတွက်၊ NLD အတွက်သာမက တနိုင်ငံလုံးအတွက် ဆုံးရှုံးနစ်နာမှု တခုလို့ ပြောရမယ်။ သူ့ငွေကြေး၊ အိမ်ယာ ပိုင်ဆိုင်မှုဘာမှမရှိဘူး မကျန်ဘူး။ သွေးသား မိသားစုအတွက်တောင် ဘာမှ မကျန်ခဲ့ပေမယ့် သူက အင်မတန်ကို အဖိုးတန်တဲ့ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားရယ် မလျော့တဲ့ ဇွဲလုံ့လကို တနိုင်ငံလုံးကို ပေးခဲ့တယ်"
ဦးဝင်းထိန် (NLD ဗဟို ကော်မတီဝင်)
“နောက်ဆုံးအမှတ်တရတခုက သူက ၂၀၀၈ခုနှစ် စက်တင်ဘာ ၂၃မှာလွှတ်တယ်။ အန်ကယ့်ကိုလည်း ကသာထောင်က အဲနေ့မှာလွှတ်ပေးတယ်။ သူက တကယ်လွတ်တယ် အန်ကယ်က နောက်တနေ့မှာ ပြန်ဝင်ရတယ်။ ဦးဝင်တင်လို လူမျိုးကအ စားထိုးလို့မရဘူး"
ကိုထိန်ဝင်း (ပန်းချီဆရာ)
“အဓိကတော့ ကျွန်တော်တို့ အကျဉ်းထောင်တွေထဲရောက်တော့ ထောင်ထဲမှာမစုံဖူးဘူး။ ရောက်တဲ့အချိန်မှာအဘတို့ ဖြတ်သန်းရတဲ့ အတွေ့အကြံုတွေက ကိုယ့်အတွက် လမ်းပြမြေပုံလိုဖြစ်သွားတယ်။ အများကြီးကျေးဇူးရှိတယ်။ အနုပညာနယ်မှာလဲ ပန်းချီအနုပညာနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းဆိုတာ အရမ်းရှာတယ်။ အဘရေးခဲ့တဲ့ အလှရှာပုံတော်ဆိုတဲ့ စာအုပ်က အနုပညာမှာလည်း လမ်းပြမြေပုံပဲ"
မနီလာသိန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
“ဘဘနဲ့ ရင်းနှီးမှု ထိတွေ့မှု နည်းပါတယ်။ ဘဘရဲ့စိတ်ဓာတ်ကို ကျွန်မ အရမ်းလေးစားတယ်။ သူ့ကို ချစ်ရင် လေးစားရင်း ကျွန်မတို့ရဲ့ ရည်ရွယ်ရာ ပန်းတိုင်းခရီးကို ဆက်လျောက်ဖို့ ဘဘဆီကနေ ခွန်အားတွေ အမြဲရခဲ့တယ်။ ခု ဘဘမရှိတော့ဘူးဆိုတော့ ကျွန်မတို့မှာ တကယ်ကို တံတိုင်းကြီး ပြိုလဲခဲ့ကြတယ်"
ဦးမြအေး (ပြည်သူ တစ်ဦး)
“ဟံသာဝတီ ဦးဝင်းတင်ဆုံးသွားတယ်ဆိုတာ သတင်းတွေမှာ မြင်ရတယ်။ နောက် ဒီနားက ယုဒသန် ဘုရားကျောင်းမှာဘဲ အခမ်းအနားလုပ်နေတယ် သိရလို့ လာကြည့်တာပါ။ သူ့ကို သတင်းစာတယောက် အဖြစ်၊ NLD ပါတီမှာ အရေးပါတဲ့ လူတယောက်အနေ အပြင်ကို ထောင်ထဲမှာ နှစ်အကြာကြီး ကျခံခဲ့ရတယ်ဆိုတာ သိနေရတော့ လေးစားကြည်ညိုပါတယ်။ ဒါကြောင့်လဲ သူ့ရဲ့ ဂါရဝပြု အခမ်းအနား လုပ်တဲ့နေရာကို ရောက်အောင် လာကြည့်တာပါ။ သူသေဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် သူခံစားရတဲ့ ဝေဒနာတွေကတော့ လွတ်မြောက်သွားတာကိုတော့ ကျေနပ်မိပါတယ်"